MNP ၊ ဩဂုတ် ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ အ ထ က(ခွဲ) ဂျီဖြူတောင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် မိဘဆရာတွေ့ဆုံပွဲအခမ်းအနား(Parent Teacher Conference)ကို ယနေ့ နံနက် (၁၀:၃၀) နာရီမှ နေ့လယ် (၁:၀၀) နာရီထိ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုသည့် အ. ထ. က(ခွဲ) ဂျီဖြူတောင်ကျောင်းနှင့် ကျောင်းသားမိဘများအတွက် ပထမဆုံးအကြိမ်ဖြစ်၍ ထိရောက်အကျိုးရှိသော တွေ့ဆုံမှု ဖြစ်စေရန် ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက --
" မိဘဆရာတွေ့ဆုံပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက် (၅)ချက် ရှိပါတယ်။ (၁) ဆရာများက သက်ဆိုင်ရာမိဘများထံ ကျောင်းသား၏ ဘာသာရပ်ဆိုင်ရာ အားသာချက်၊ အားနည်းချက်များ၊ လူမှုဆက်ဆံရေးအခြေအနေများ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအပြုအမူများကို တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ရန် (၂) ကျောင်းသား၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘနှင့်ဆရာများပူးပေါင်း၍ ပံ့ပိုးနိုင်ရန် (၃) ကျောင်းသား၏ ပညာရေးဆိုင်ရာပန်းတိုင်နှင့် လူမှုရေးဆိုင်ရာပန်းတိုင်များကို မိဘဆရာပူးပေါင်း၍ ချမှတ်နိုင်စေရန် (၄) ကျောင်းသား၏ ရင်ဆိုင်နေရသော စိန်ခေါ်မှုပြသနာများ၊ ရင်ဆိုင်ရနိုင်သော စိန်ခေါ်မှုပြသနာများကို မိဘဆရာပူးပေါင်း ဖြေရှင်းနိုင်ရန် (၅) ကျောင်းသား၏ သင်ကြားသင်ယူမှုလုပ်ငန်းစဉ်တွင် မိဘများပိုမိုပါဝင်လာနိုင်စေရန် တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိဘဆရာတွေ့ဆုံပွဲအခမ်းအနား(Parent Teacher Conference)တွင် မိဘများနှင့် ဆရာ/ဆရာမများက ကလေးရဲ့ ဘာသာရပ်ဆိုင်ရာ အားသာချက်နှင့်အားနည်းချက်တွေက ဘာတွေလဲ၊ ဘယ်နယ်ပယ်တွေမှာ ကလေးက အားသာပါသလဲ၊ ကလေးအတွက် လက်ရှိချမှတ်ထားတဲ့ ပညာရေးပန်းတိုင်ကဘာလဲ၊ ကလေးနှင့်ပတ်သက်တဲ့ ဆရာရဲ့မျှော်မှန်းချက် ဘာပါလဲ၊ ကလေးရဲ့ပညာရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ အိမ်မှာ ဘာတွေလုပ်ပေးသင့်လဲ၊ ကလေးက အခြားအတန်းဖော်တွေနှင့် ရောရောနှောနှော နေပါသလား၊ ကလေးနှင့် အခြားအတန်းဖော်တွေကြား ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ၊ ဆရာသတိထားမိတဲ့ ကလေးရဲ့ စိတ်အခြေအနေက ဘာတွေလဲ၊ ကလေးက ပဋိပက္ခတွေဖြစ်ရင် ဘယ်လိုဖြေရှင်းတတ်ပါသလဲ၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကျွန်တော်တို့ အိမ်မှာ ဘာတွေလုပ်ပေးသင့်သလဲ၊ အတန်းထဲမှာ၊ ကျောင်းထဲမှာ ကလေးရဲ့ အပြုအမူတွေက ဘယ်လိုရှိပါသလဲ၊ ကလေးမှာ အပြုအမူပိုင်းဆိုင်ရာ အားနည်းချက်တွေရှိပါသလား၊ ကလေးရဲ့ အပြုအမူပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျွန်တော်တို့ အိမ်မှာ ဘာတွေလုပ်ပေးသင့်သလဲ၊ ကလေးနှင့်ပတ်သက်ပြီး ဆရာရဲ့အကြံပြုချက်က ဘာတွေလဲ စသည့်မေးခွန်းများကို တွေ့ဆုံမေးမြန်းခဲ့ကြပြီး ဆရာ/ဆရာမများက မိဘများသိရှိလိုက်နာသင့်သည်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ဖော်ပြပါ မိဘဆရာတွေ့ဆုံပွဲကို ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အခါအားလျော်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ တွေ့ဆံရာတွင် ဆရာ/ဆရာမများနှင့်အတူ တိုင်ပင်ဆွေးနွေးနိုင်သော၊ တိုင်ပင်ဆွေးနွေးရန်ဆန္ဒရှိသော မိဘများကိုယ်တိုင် တက်ရောက်သင့်ပါကြောင်း၊ မိဘကိုယ်တိုင် တက်ရောက်ရန် မဖြစ်နိုင်မှသာ အုပ်ထိန်းသူများကို ကိုယ်စားတက်ရောက်စေလိုကြောင်း၊ အသက်ရွယ်ကြီးရင့်သူ အဖိုးအဖွားများကို တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် မသင့်တော်ပါကြောင်းတို့ကို အဆိုပါ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက ပြောကြားခဲ့သည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment