အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum)သွား မြန်မာကိုယ်စားလှယ်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum)သွား မြန်မာကိုယ်စားလှယ်များ





နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum) တက်ရောက်ခဲ့ပြီး ယနေ့တွင် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။


အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများအကြား ဆက်သွယ်မှုထူထောင်ရန်နှင့် မြှင့်တင်ရန်၊ ရုရှားအရှေ့ဖျား ဒေသ၏ စီးပွားရေးအလားအလာများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် အထူးစီးပွားရေးဇုန်များရှိ စီးပွားရေးအခြေအနေများကို သုံးသပ်ဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။


အဆိုပါ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာထမ်းများ တက်ရောက်ခဲ့ကြသည်။


ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း ဒုတိယဝန်ကြီးချုပ်အနေဖြင့် စက်တင်ဘာ ၁၁ ရက်တွင် The Logistics of Change အစီအစဉ်တွင် ပါရှိသည့် New Logis-tics in the Far East: The "White Swan" of the RussianEconomy ခေါင်းစဉ်၊ မွန်းလွဲပိုင်းတွင် ‘Eura-sian Agroexpress’: New Opp-ortunities for Trade in the Asia-Pacific Region ခေါင်းစဉ်၊ စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် Rail Logistics in a New Age: Realities, Challenges, and Opportunities ခေါင်းစဉ်တို့ကို Panelist အနေဖြင့် တက်ရောက်ဆွေးနွေးခဲ့သည်။


ထို့အတူ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Russia-ASEAN Business Dialogue ခေါင်းစဉ်၊ မွန်းလွဲပိုင်း တွင် International Cooperation in a Changed World အစီအစဉ်တွင် ပါရှိသည့် SCO and EAEU Climate Agenda: Moving To-wards Common Goals ခေါင်းစဉ် နှင့် Greater Eurasia: Drivers for the Formation of an Alter-native International Monetary and Financial System ခေါင်းစဉ်တို့ကို Panelist များအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့သည်။


 အလားတူ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Program of the International Scientific and Practical Con-ference အစီအစဉ်တွင် ပါရှိသည့် Colonialism in the East and Its Impact on Modern World ခေါင်းစဉ်၊ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက The Far East over the Past Decade: What has been a Success and What Remains to be Done? အစီအစဉ်တွင် ပါရှိသည့် Inbound Touri-sm: Challenges and Oppor-tunities in a New Reality ခေါင်းစဉ်တို့ကို Panelist များအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့သည်။


ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ရုရှားသမ္မတ၏အကြံပေး၊ ရုရှားရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဥက္ကဋ္ဌ မစ္စတာအန်တွန်ကိုဗျာကော့ဗ် (Mr. Anton Kobyakov) ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာမာ့ခ်ဆင်ရီရှတ်နီကို့ဗ် (Mr. Maxim Reshetnikov) ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးကျင်းပရေး၊ မြန်မာ - ရုရှားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံအကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ JSC Russian Railways မှ First Deputy CEO Mr. Sergey Pavlov ခေါင်းဆောင် သည့်အဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံရထားလမ်းတည်ဆောက်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ စက်ခေါင်းနှင့် လူစီးတွဲစက်ရုံများတွင် စီမံကိန်း လုပ်ငန်းအသစ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ရုရှားနိုင်ငံ တက္ကသိုလ်များအနေဖြင့် ရထား ပညာတော်သင်များ ဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ရထားလုပ်ငန်းများအတွက် နည်းပညာနှင့် ငွေကြေးအထောက်အပံ့များ ရရှိနိုင်ရေးနှင့် ကုန်းတွင်းဆိပ်များ တည်ဆောက်ရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


မွန်းလွဲပိုင်းတွင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာအီဗန်ဗီတိုရိုဗစ်ရှ်ပိုလီရာကော့ဗ် (Mr. Ivan Viktorovich Polyakov) ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍  ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ပင်မ အခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး (Main Forum- Plenary Session) သို့တက်ရောက်သည်။ အဆိုပါ အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်ကမိန့်ခွန်း ပြောကြားပြီး လာအိုပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတက ဆွေးနွေးဖက် နိုင်ငံအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့သည်။


ဖိုရမ်ကျင်းပစဉ်ကာလအတွင်း ရုရှားနိုင်ငံ၏ ဒေသဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမှုအနေဖြင့် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအလယ်ပိုင်းရှိ အီကွတ်မြို့၏ Governor ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလာမှုလုပ်ငန်းများနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပရီမော့စကီးဒေသ၏ Governor ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုဖြစ်နိုင်ခြေ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်နိုင် မည့် ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။


မြန်မာကိုယ်စားလှယ်အဖွဲ့သည် နည်းပညာဆိုင်ရာကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့်လည်း သီးခြား တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် Aquarius နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေးနှင့်သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ Aquarius နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များအား ပိုမိုနားလည်စေရန် စီးပွားရေး လုပ်ငန်းများအချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန်ကိစ္စရပ်များကို လည်းကောင်း၊ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် Far Eastern Federal Uni-versity မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် Far Eastern Federal University (FEFU) တို့အကြား လက်မှတ်ရေးထိုးထားသည့် ဆေးဘက်ဆိုင်ရာပညာရပ် ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံတက္ကသိုလ်များ အကြား ပူးပေါင်းဆောင်ရွက်မှုများ စတင်ရေးနှင့် နေပြည်တော်တွင် FEFU ရုံးခွဲဖွင့်လှစ်မည့် ကိစ္စရပ် များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။


ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Commercial Port of Vladivostok သို့ သွားရောက်၍ ဆိပ်ကမ်း၏ စွမ်းဆောင်မှုများ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုစနစ်အား အဆင့်မြင့်ကွန်ပျူတာစနစ် အသုံးပြုပြီး စီမံခန့်ခွဲနေမှုများနှင့် အနာဂတ်ဆိပ်ကမ်း ဆက်လက်တည်ဆောက်သွားမည့် အစီအမံများကို လေ့လာခဲ့ကြသည်။


ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးမှုအနေဖြင့် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေစေရန်နှင့် ငွေပေးချေမှုများ အဆင်ပြေချောမွေ့စေရန်အတွက် ရုရှားဘဏ်များမှ မြန်မာနိုင်ငံ၌ ဘဏ်ခွဲ (သို့မဟုတ်) ကိုယ်စားလှယ်ရုံးခွဲများ လာရောက်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ဘဏ်စာရင်းဖွင့်လှစ်သည့် သဘောတူ စာချုပ်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတို့က လည်းကောင်း၊ နှစ်နိုင်ငံခရီးသွား ဧည့်သည်ဝင်ရောက်မှုများ တိုးမြှင့်လာစေရေး၊ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု အရည်အသွေးများ မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း အလားအလာများ တိုးမြှင့်လာစေရေးနှင့် ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးတို့ကို ရည်ရွယ်၍ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးတို့ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)