ပေကျင်း၊ စက်တင်ဘာ ၁၅
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ်ရောက်ရှိလာသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်က ဟွန်မန်နက်အနေဖြင့် ဝန်ကြီးချုပ် ရာထူးတာဝန် ထမ်းဆောင်ပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်ခြင်းမှာ ကမ္ဘောဒီးယားနိုင်ငံ အစိုးရသစ်၏ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့်အပေါ် အထူးအလေးထားမှုကို အပြည့်အဝ ဖော်ပြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံသည် အမာခံ မိတ်ဆွေများ ဖြစ်ကြကြောင်း၊ သံတမန်ဆက်ဆံရေး တည်ထောင်ပြီးသည့် ၆၅ နှစ်ကြာကာလတွင် နှစ်နိုင်ငံအနေဖြင့် အစဉ်အမြဲ အပြန်အလှန် ယုံကြည်မှု မြင့်မားခြင်း၊ တန်းတူရည်တူ ဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်းရှိကြသလို နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွား ကာကွယ်ထိန်းသိမ်းမှုများတွင် တစ်ဖက်နှင့်တစ်ဖက် အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံအားပေးခဲ့ကြကြောင်း ၊ ၎င်းမှာ တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း၏ ဗဟိုအနက်အဓိပ္ပါယ်ဖြစ်ကြောင်း ၊ ယခုနှစ်တွင် နှစ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံချိန်မြင့် တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ခေတ်သစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ပို၍ နက်ရှိုင်းစွာ ဖော်ဆောင်ရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း၏ စံနမူနာအဖြစ် လက်တွဲအတူ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က တရုတ်နိုင်ငံကို မိမိ ပထမဆုံး တရားဝင် လာရောက် လည်ပတ်ရခြင်းမှာ ကမ္ဘောဒီးယားနိုင်ငံ အစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရေး မူဝါဒကို ဆက်လက် ခိုင်မာစွာ ကျင့်သုံးသွားမည်၊ ကမ္ဘောဒီးယား – တရုတ် အမာခံ ချစ်ကြည်ရေးကို တစ်ဆင့်တိုး တောက်ပအောင် ဆောင်ရွက်သွားမည်ကို ဖော်ပြခြင်း ဖြစ်ကြောင်း ၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာစောင့်ထိန်းသွားမည် ဖြစ်သလို တရုတ်နိုင်ငံ၏ ကိုယ်ပိုင်ဗဟိုအကျိုးစီးပွား ကာကွယ်ထိန်းသိမ်းမှုကို ခိုင်မာစွာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI) ကို အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရေရှည် အင်တိုက်အားတိုက် ကူညီပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိပြီးသော အရေးကြီး သဘောတူညီချက်များကို ဖော်ဆောင်သွားလိုကြောင်း ၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင်၊ “Diamond Hexagon” မူဘောင်အောက်တွင် နှစ်နိုင်ငံ စက်မှု၊ လယ်ယာ၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်ထပ်မံ တိုးတက်အောင် ဆောင်ရွက်ပြီး ကမ္ဘောဒီးယား-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်၍ နှစ်နိုင်ငံပြည်သူများအတွက် ပို၍အကျိုးဆောင်သွားလိုကြောင်း ၊ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ဒေသတွင်းနှင့်နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားပြီး ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ဟွန်မန်နက်က ပြောကြားခဲ့သည်။
Ref - (Xinhua)
#MyanmarNationalPost
No comments:
Post a Comment