ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးအဖြစ် ဆောင်ရွက်လျက်ရှိသည့် စံဖွံ့ဖြိုးသစ်အချောထည်လုပ်ငန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးအဖြစ် ဆောင်ရွက်လျက်ရှိသည့် စံဖွံ့ဖြိုးသစ်အချောထည်လုပ်ငန်း



တွေ့ဆုံမေးမြန်း − ရွှေပင်လယ် (IPRD)၊ဓာတ်ပုံ− နေရည်ဝန်းရွှေ (လယ်ဝေး)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးလျက်ရှိပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် လိုအပ်သည့်သွင်းအားစုများ၊ နည်းပညာ၊ စက်ကိရိယာနှင့် အရင်းအနှီးများ ကူညီဆောင်ရွက်ပေးနေသည်။ ထို့အပြင် သစ်အချောထည်ပစ္စည်းများကို နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ တင်ပို့လိုခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။


One Region One Product (OROP) အစီအစဉ်သည် ဒေသအလိုက် အဓိကကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှု တိုးတက်စေရန် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် လယ်ဝေးမြို့နယ်မှ စံဖွံ့ဖြိုးသစ်အချောထည်လုပ်ငန်းရှင် ဦးဝင်းအောင်နှင့် တွေ့ဆုံ မေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။


မေး      ။           ။           သစ်အချောထည်လုပ်ငန်းကို ဘယ်အချိန်က စလုပ်ကိုင်ဖြစ်ခဲ့ပါသလဲ။

ဖြေ       ။           ။           ၂၀၀၆ ခုနှစ် နေပြည်တော်တည်ခါစမှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။


မေး      ။           ။           သစ်အချောထည်လုပ်ငန်းအတွက် ကုန်ကြမ်းကို ဘယ်ကနေ ရရှိပါသလဲ။

ဖြေ       ။           ။           ကိုယ်ပိုင်သစ်တောစိုက်ခင်း ဧက ၇၅၀ စိုက်ထားပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက စိုက်ထားတာဖြစ်တဲ့အတွက် ပင်ကျပ်နုတ်ပြီး သုံးလို့ရပါတယ်။ နောက်တစ်ခုက သစ်တင်ဒါဆွဲပြီး တော့လည်းရပါတယ်။


မေး      ။           ။           စံဖွံ့ဖြိုးသစ်အချောထည်လုပ်ငန်းမှာ ဘယ်လို သစ်အမျိုးအစားကို အသုံးပြုပါသလဲ။

ဖြေ       ။           ။           အဓိကကတော့ ကျွန်းပဲ အသုံးပြုပါတယ်။ တခြားသစ်တွေကို သုံးရတာလည်း ရှိပါတယ်။ အခုတော့ ကျွန်းစင်းဘုတ်ပြားတွေကို အသုံးပြုရတာများပါတယ်။


မေး      ။           ။           စံဖွံ့ဖြိုးသစ်အချောထည်လုပ်ငန်းအနေနဲ့ ပရိဘောဂပစ္စည်းတွေ ဆောင်ရွက်တဲ့နေရာမှာ ထူးခြားတဲ့အချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ       ။           ။           အဆောက်အအုံရဲ့အတွင်းထဲမှာသုံးတဲ့ ပရိဘောဂတွေ ပြုလုပ်ရာမှာ အသံတွေ ပဲ့တင်သံမဖြစ်အောင် ပြုလုပ်တာမျိုးရှိပါတယ်။ ပရိဘောဂတွေကို frame ရိုက်ရင် Box လေးတွေ ထည့်ရိုက်ရပါတယ်။ အသံက တစ်သံနဲ့တစ်သံ ထိလို့သာ ပဲ့တင်သံဖြစ်တာ၊ အဲဒီအသံတွေကိုစုပြီး ပြန်ထွက်သွားတဲ့စနစ်ကို လုပ်ရပါတယ်။ Acoustic System လို့ခေါ်တဲ့ အသံထိန်းတဲ့စနစ်ကို ပဲ့တင်သံ မပါအောင် ဆောင်ရွက်ရတာမျိုး အခန်းထဲမှာ စကားပြောရင် စကားလုံးတွေ ပြတ်ပြတ်သားသားကြားနိုင်ဖို့ကအစ ဆောင်ရွက်ပါတယ်။ နောက်တစ်ခုက စတိတ်စင်ကြမ်းခင်း ပြုလုပ်တဲ့နေရာမှာ စတိတ်ပေါ်တက်ပြီး စကားပြောဖို့စင်ပေါ်တက်ရင် ဖိနပ်သံမမြည်အောင် စတိတ်စင်ရဲ့ ကြမ်းပြင်ပေါ်မှာ တစ်ပေပတ်လည် အကွက်တွေရိုက်ရပါတယ်။ ခြေနင်းတဲ့ခွက်ထဲမှာ Glass Wool လို့ခေါ်တဲ့ အသံထိန်းတဲ့ ဂွမ်းမွေးတွေထည့်ရပါတယ်။ လူတစ်ယောက်က မတ်တတ် ရပ်လိုက်ရင် ခြေလှမ်းက ၂၂ လက်မရှိတယ်။ ခြေနှစ်ဖက်ရဲ့ အကွာအဝေးက ၁၃ လက်မရှိတယ်။ ပခုံးကိုတိုင်းကြည့်လိုက်ရင်ရတယ်။ ဒီလိုလုပ်ထားခြင်းအားဖြင့် ခြေထောက်နှစ်ချောင်းလုံးဟာ တစ်နေရာတည်းမှာ စုရပ်နေတာမျိုး မဖြစ်တော့ဘူး။ အဲဒီတော့ ပဲ့တင်သံ မထွက်တော့ဘူး။ ဒါမျိုးတွေ အလေးထားပြီး ဆောင်ရွက်ပါတယ်။


မေး      ။           ။           စံဖွံ့ဖြိုးသစ်အချောထည်လုပ်ငန်းမှာ ပစ္စည်းအမျိုးအစားပေါင်း ဘယ်လောက်ထုတ်လုပ်ပါသလဲ။

ဖြေ       ။           ။           ပရိဘောဂ အမျိုးအစားပေါင်း ၇၀ ကျော်လောက် ထုတ်လုပ်ပါတယ်။ တခြား အမည်တူ ပုံစံကွဲတွေလည်း အများကြီးပါပဲ။ အိမ်ရာတွေအတွက် သစ်အချောထည်လုပ်ငန်းကို ဖြည့်သွင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။


မေး      ။           ။           သစ်အချောထည်ပစ္စည်းတွေကို ဘယ်ဒေသတွေကို ပို့ပါသလဲ။ ပြည်ပကိုပို့တာ ရှိပါသလား။

ဖြေ       ။           ။           နေပြည်တော်အတွင်းရယ်၊ အရင်ကတော့ ကချင်၊ ကရင်၊ ရှမ်းပြည်နယ်နဲ့ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်နဲ့ ရုံးတွေကိုပို့ပါတယ်။ ပြည်တွင်းထုတ်ကုန်အနေနဲ့ပဲ ထုတ်လုပ်ပါတယ်။


မေး      ။           ။           သစ်အချောထည်လုပ်ငန်းက လယ်ဝေးရဲ့ အဓိကထုတ်ကုန်တစ်ခုလို့ ပြောလို့ရမလား။ လယ်ဝေးမှာ သစ်အချောထည်စက်ရုံနဲ့ ပရိဘောဂလုပ်ငန်းရှင် ဘယ်လောက် ရှိပါသလဲ။

ဖြေ       ။           ။           လယ်ဝေးရဲ့ Trade Mark ကလည်း ပရိဘောဂလုပ်ငန်းပဲ ဖြစ်ပါတယ်။ လယ်ဝေးခရိုင်အတွင်းမှာ သစ်အချောထည် စက်ရုံငါးရုံနဲ့ ပရိဘောဂလုပ်ငန်းရှင်ပေါင်း ၅၆ ဦး ရှိပါတယ်။ လယ်ဝေးမြို့နယ်ရဲ့ ကျေးရွာတွေမှာ ပရိဘောဂထုတ်နေကြတာတွေလည်းရှိပါတယ်။ ဒီလုပ်ငန်းတွေနဲ့ပဲ စားဝတ်နေရေးအတွက် ဆောင်ရွက်ကြပါတယ်။


မေး      ။           ။           စံဖွံ့ဖြိုး သစ်အချောထည်လုပ်ငန်းမှာ လုပ်သားအင်အား ဘယ်လောက်နဲ့ ဆောင်ရွက်နေပါသလဲ။

ဖြေ       ။           ။           နေ့စဉ်တစ်ရက်ကို ၃၅ ဦးနဲ့ လည်ပတ်ဆောင်ရွက်လျက်ရှိပါတယ်။


မေး      ။           ။           လုပ်ခလစာအနေနဲ့ရော  ဘယ်လိုသတ်မှတ်ထားရှိပါသလဲ။

ဖြေ       ။           ။           လစာနဲ့ ယူတဲ့သူလည်း ရှိတယ်။ တစ်ပတ်တစ်ခါရှင်းနဲ့ ယူတဲ့သူလည်း ရှိပါတယ်။ တစ်ပတ်တစ်ခါရှင်းဆိုရင် လူတစ်ယောက် တစ်ရက် အနိမ့်ဆုံး ကျပ် ၆၈၀၀ ကနေ ၁၁၀၀၀ စသဖြင့် အမြင့်ဆုံးက ကျပ် ၁၄၀၀၀ ပေးပါတယ်။


မေး      ။           ။           လယ်ဝေးမြို့နယ်မှာ ဒေသခံပြည်သူအများစုက အသက် မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြတာလား။

ဖြေ       ။           ။            လယ်ဝေးမြို့နယ်မှာ ကျေးရွာပေါင်း ၂၆၁ ရွာ ရှိပါတယ်။ အဲဒီ ၂၆၁ ရွာမှာ မြို့နဲ့နီးစပ်တဲ့ ကျေးရွာတွေအကုန်လုံး ပရိဘောဂလုပ်ကြပါတယ်။ လယ်ဝေးမြို့နဲ့နီးတဲ့ ကျေးရွာတွေ ဖြစ်တဲ့ ရေအိုးစင်ရွာ၊ ဇီးကုန်းရွာ၊ ရွှေအုန်းပင်ရွာ၊ ကြက်သွန်ခင်းရွာ၊ သာစည်ရွာ၊ သရက်ခုံရွာ၊ မကျီးကုန်းရွာ၊ ရှမ်းစုရွာ၊ ကံလှရွာ၊ ဂုံးတောင်ရွာ စသဖြင့် ကျေးရွာ ၁၄ ရွာမှာတင် ပရိဘောဂလုပ်တဲ့သူ အယောက် ၄၀၀ ကျော်ရှိတယ်။ မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်ကြတာပါ။


မေး      ။           ။           သစ်အချောထည်အဖြစ် ဆောင်ရွက်ပုံကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ       ။           ။           ပထမဆုံးတော့ သစ်ကို လိုချင်တဲ့အစိတ်အပိုင်းအဖြစ် ဖြတ်တောက်ရပါတယ်။ ဆက်ရှင် လေးခုရှိတာပေါ့။ နံပါတ်တစ်က Machine Section၊ နံပါတ်နှစ်က ပုံဖော်ဌာန (Molding)၊ နံပါတ်သုံးက တပ်ဆင်ခြင်း (Assembly) ၊ နောက်ဆုံးကတော့ ကော်ပတ် စားခြင်း(Sanding Section)တို့ ဖြစ်ပါတယ်။ သစ်မှာ နံပါတ်တစ်ဖြစ်တဲ့ ဖြတ်တောက်ခြင်းအပိုင်းက အရေးအကြီးဆုံးပဲ၊ အဲဒီမှာ စပြီးမှားရင် processing တစ်ခုလုံး မှားသွားပြီ။ ဘေးဒေါင်ညီခြင်းဆိုတာ ရှိပါတယ်။ ပြီးရင် မျက်နှာပြင်နှစ်ဖက်ကို ချောမွေ့ခြင်း၊ နောက်ဆုံးအဆင့်ကတော့ final cutting ပေးခြင်းဆိုတာ လိုချင်တဲ့ ဗြက်၊ ဒုတို့ ပုံစံတုံးတစ်ခုရသွားအောင်လုပ်တာ။ Cutting ပေးတာ အရေးအကြီးဆုံးပါပဲ။ ပြီးရင် ပုံဖော် Section ကို ပို့ပါတယ်။ အဲဒီမှာက ခဲခြစ်ပေးတဲ့ လုပ်ငန်းပေါ့။ ဖြတ်ရမယ်၊ တောက်ရမယ်၊ အပေါက်ဖော်ရမယ် အစရှိတာကို ခဲခြစ်ပေးတာပေါ့။ ခဲခြစ်ပေးပြီးသွားရင် အဖိုစရွေး၊ အမစရွေး ပြုလုပ်ပါတယ်။ စက်တွေနဲ့ပဲ ပြုလုပ်တာဖြစ်ပါတယ်။ ပြီးရင် တပ်ဆင်ခြင်း လုပ်ပါတယ်။ တပ်ဆင်ခြင်းဆိုတာ သင့်တော်တဲ့ကော်မျိုးစုံကိုထည့်ပြီး တပ်ဆင်တဲ့လုပ်ငန်းလုပ်တာပေါ့။ ပြီးရင် Sanding ပိုင်းကို ရောက်သွားပြီ၊ ကော်ပတ်စားတဲ့အခါမှာ     သာမန်လက်ကော်ပတ်နဲ့ စားလို့မရဘူး၊ တုန်စက်ရှိတယ်၊ ဒေါင်လိုက်ရွှေ့တဲ့စက်တွေရှိတယ်။ ကိုယ်လိုချင်တဲ့ အတိုင်းအတာတစ်ရပ်ကို ရသွားတဲ့အခါမှာ လိုချင်တဲ့ပစ္စည်းကို ဆောင်ရွက်လို့ရသွားပြီ။ ဒါက စက်ရုံတွင်းက အခြေအနေဖြစ်ပါတယ်။ စက်ရုံကို မရောက်ခင် အပြင်မှာ လုပ်ရတဲ့လုပ်ငန်းစဉ်တွေရှိပါတယ်။


အဲဒီလုပ်ငန်းစဉ်က ပိုးသတ်ဆေးစီရင်ခြင်းဆိုတဲ့ အပြင်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အဲဒီ ပိုးသတ်ဆေးက လူတွေကို ဒုက္ခဖြစ်စေတဲ့ ပိုးသတ်ဆေးမဟုတ်ပါဘူး။ ရေဂါလန် ၁၀၀ မှာ ဘောရစ်အက်စစ်(Boric Acid) နဲ့ ဘိုရွန်(Boron) ကို ရောသုံးရတာ။ မြန်မာလို လက်ချားပေါ့။ အဲဒီမှာ သစ်ကိုစိမ်လိုက်ရင် ပိုးဥတွေ သေသွားတယ်။ ပိုးမှာကပ်နေတဲ့ မှိုတွေသေသွားတာပေါ့။ နောက် အညိုအမည်းစွဲတာတွေ ပျောက်သွားပါတယ်။ အချိန် လေးနာရီလောက် စိမ်ထားလိုက်ရင် လုံလောက်သွားပြီ။ ပြီးရင် အဲဒီသစ်ကို အပူပေးတဲ့အခန်းထဲကိုထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းရတာပေါ့၊ Kiln Dry လုပ်တာလို့ ခေါ်တာပေါ့။ အပူပေးဖို့ ထပ်လိုအပ်ရင် ပေါင်းခန်းမှာ ဆက်ပြီးပေါင်းပါတယ်။ ဒီ Process တွေပြီးရင် ကိုယ် လိုချင်တဲ့ပစ္စည်း ဖြစ်သွားပါပြီ။


မေး      ။           ။           စံဖွံ့ဖြိုး သစ်အချောထည်လုပ်ငန်းကနေ ကျွမ်းကျင် လုပ်သားအင်အား ဘယ်လောက် မွေးထုတ်ပေးနိုင်ခဲ့ပြီလဲ။ လုပ်ငန်းတတ်ကျွမ်းသွားပြီး ကိုယ်ပိုင်လုပ်ငန်းနဲ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်အဖြစ် ရပ်တည်နေတဲ့သူတွေရော ရှိပါသလား။

ဖြေ       ။           ။           ၂၀၀၆ ခုနှစ် စလုပ်တုန်းက လုပ်သားအင်အား ၁၃၇ ယောက် ရှိတယ်။ ဒီထက်ပိုပြီး စက်ရုံဝင်းက လုပ်သားအင်အား ထပ်ထည့်လို့မရဘူး။ လက်သမား၊ ဆေးသုတ်သမားအစုံပါပဲ။ ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ အလုပ်ဖြစ်သွားတာတွေရှိပါတယ်။ ကျွမ်းကျင် လုပ်သားကတော့ နိုင်ငံခြားမှာ ရောက်နေတာတွေလည်းရှိပါတယ်။ အတတ်ပညာတစ်ခုအဖြစ်နဲ့ ကိုရီးယား၊ စင်ကာပူတို့မှာ ရောက်နေတာရှိပါတယ်။ ကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်းပါ လုပ်တာဖြစ်တဲ့အတွက် သံထည်လုပ်ငန်းလည်းလုပ်တယ်၊ စက်ရုံက မွေးထုတ်လိုက်တဲ့လူက လက်သမားအလုပ်လည်း လုပ်တတ်တယ်၊ သံထည်ပစ္စည်းအလုပ်လည်း လုပ်တတ်တယ်၊ လုပ်သားအင်အားအနေနဲ့ကတော့ ၅၀၀ ကျော် မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ၁၀ ဦး ဝန်းကျင်လောက်ကတော့ ဒီလုပ်ငန်းနဲ့ပဲ အောင်မြင်နေတဲ့ ကိုယ်ပိုင်စီးပွားရေး ပရိဘောဂလုပ်ငန်းရှင်အဖြစ်နဲ့ ရပ်တည်နေပါတယ်။


မေး      ။           ။           အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)အနေနဲ့ ဘာတွေလုပ်ပါသလဲ။

ဖြေ       ။           ။           မင်္ဂလာပါ စာလုံးတို့၊  လိပ်စာကတ်ထည့်တဲ့ဘူး၊ ဖုန်းစတန်း၊ စားပွဲတင်အလံတိုင်၊ သစ်သားလင်ပန်း၊ သစ်သားတူ၊ ကွမ်းအစ်၊ ခုတင်ခြေထောက် စတဲ့ပစ္စည်းတွေလည်း ပြုလုပ်ပါတယ်။


မေး      ။           ။           သစ်အချောထည်လုပ်ငန်း လုပ်ကိုင်နေတာနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ       ။           ။           မြန်မာနိုင်ငံကထွက်တဲ့ သဘာဝအရင်းအမြစ်တွေကနေ ပြုလုပ်ထားတဲ့ ပြည်တွင်းထုတ်ကုန်တွေကို အားပေးကြပါလို့ ပြောချင်ပါတယ်။  ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)