ကောင်းမွန် တည်ငြိမ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံအတွက် အကျိုးရှိသလို ကမ္ဘာအတွက်လည်း အကျိုးရှိစေကြောင်း တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောင်းမွန် တည်ငြိမ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံအတွက် အကျိုးရှိသလို ကမ္ဘာအတွက်လည်း အကျိုးရှိစေကြောင်း တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့် ပြောကြား





ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၉ 

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်သည် စက်တင်ဘာ ၁၈ ရက်က နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်စဉ်ကာလတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တို့နှင့် အသီးသီး တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ဟန်ကျိန့်က လက်ရှိ ကမ္ဘာတွင် နှစ် ၁၀၀ အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဖြစ်ပွားလျက်ရှိရာ မတည်ငြိမ်မှု၊ မသေချာ မရေရာမှု အကြောင်းတရားများ ရောနှောရှုပ်ထွေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အခြေအနေ ပို၍ ဆိုးဝါးစွာ ရှုပ်ထွေးလာလေလေ၊ စစ်မှန်သည့် ဘက်ပေါင်းစုံဝါဒက ပို၍ ခိုင်မာစွာ ဆောင်ရွက်ရန် လိုအပ်လာလေလေ၊ အားကောင်းသည့် ကုလသမဂ္ဂကို လိုအပ်လာလေလေ ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အတွေးအခေါ်နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူ လက်တွဲ တည်ဆောက်ရေး အဆိုပြုချက် (BRI) ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI) ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI) များသည် ကုလသမဂ္ဂ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့်တစ်ပြေးညီဖြစ်ရာ နိုင်ငံတကာ အသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် အသိမှတ်ပြုမှုနှင့် အပြုသဘောဆောင် ထောက်ခံအားပေးမှုများကို ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ ငြိမ်းချမ်းရေး၏ တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးဆောင်သူ၊ နိုင်ငံတကာစနစ်၏ ကာကွယ်ထိန်းသိမ်းသူအဖြစ် အစဉ်အမြဲ ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံတကာရေးရာတွင် ကုလသမဂ္ဂ၏ အဓိကကျသော အခန်းကဏ္ဍကို ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။ ဂူတာရက်စ် က ကုလသမဂ္ဂလုပ်ငန်းများအပေါ် တရုတ်နိုင်ငံ၏ ခိုင်မာစွာ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အရေးကြီး အဆိုပြုချက်များကို အထူး တန်ဖိုးထားကြောင်းနှင့် တရုတ်နိုင်ငံက ကမ္ဘာကို လမ်းကြောင်းမှန်သို့ ဦးတည်သွားရန် ဦးဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် ဟန်ကျိန့်က ကောင်းမွန် တည်ငြိမ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံအတွက် အကျိုးရှိသလို ကမ္ဘာအတွက်လည်း အကျိုးရှိစေကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်နိုင်ငံအတွက် အခွင့်အလမ်းဖြစ်ပြီး စိန်ခေါ်မှု မဟုတ်ကြောင်း၊ အကျိုးတိုးပွားစေခြင်း ဖြစ်ပြီး အန္တရာယ်ဖြစ်စေခြင်း မဟုတ်ကြောင်း ၊ နှစ်ဖက်အနေဖြင့် အပြန်အလှန် အောင်မြင်မှုရှိအောင်၊ အတူဖွံ့ဖြိုးတိုးတက်မှု ရှိအောင် အပြည့်အဝ ဆောင်ရွက်၍ ရကြောင်း ၊ တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံအပေါ် ထားရှိသည့် မူဝါဒသည် ဆက်စပ်မှုနှင့်တည်ငြိမ်မှု ရှိသလို သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့်အတိုင်း အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော အခြေခံမူ ၃ ရပ်ဖြင့် အစဉ်အမြဲ ရှုမြင်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် ဦးတည်ချက်တူ လျှောက်လှမ်းစေလိုကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဘာလီကျွန်း တွေ့ဆုံဆွေးနွေးမှု၌ ရရှိသော အရေးကြီးသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရန်၊ လက်တွေ့ဆောင်ရွက်မှုဖြင့် အကျိုးဖြစ်ထွန်းမည့်အခြေအနေကို ဖန်တီးရန်၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် အပြန်အလှန်ကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သည့် ကိစ္စများအား ပို၍လုပ်ဆောင်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန် တည်ငြိမ်သည့် လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိပြီး နှစ်နိုင်ငံအတွက် အကျိုးရှိ‌အောင်၊ ကမ္ဘာအတွက် အကျိုးဖြစ်ထွန်းအောင် တွန်းအားပေးဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။

ဘလင်ကန်က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏အောင်မြင်မှုကို လိုလားကြောင်း၊ ကမ္ဘာ့စီးပွားရေး တိုးတက်အောင် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားစေလိုကြောင်း၊ တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများ အားဖြည့်ရန်၊ ကွဲလွဲမှုများကို စီမံထိန်းချုပ်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန်၊ အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)