MNP ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ငလပွေ့ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းသို့သွားရောက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်သည်။
ထိုသို့ ဟောပြောရာတွင် ကျောက်ဖြူမြို့နယ်၊ အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်မျိုးသီဟဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းနှင့် ငလပွေ့ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်တိုက်မှုကိုဖြစ်ပေါ်စေနိုင်သည့် အဓိက အကြောင်းအရာများ၊ ယာဉ်မတော်တဆမှု အမှား၊ အမှန်များ၊ ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်မောင်းလိုင်စင်အမျိုးအစားများ၊ လမ်းညွှန်ဆိုင်းဘုတ်နှင့် ဆေးရေးအမှတ်အသားများ အစရှိသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးများ ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောရာ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များအား အခမဲ့ဝေငှပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ငလပွေ့ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း တို့မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment