MNP ၊ စက်တင်ဘာ ၈
ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ စီးပွားရေးလုပ်ငန်းရှင်းများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီအနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ဒေသအလိုက် ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ပြည်သူများ ဝင်ငွေတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ဝန်ဆောင်မှုလုပ်ငန်းများပါဝင်သည့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များက အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ ပြည်သူလူထု၏ စားဝတ်နေရေးပြေလည်စေရေးအတွက် အခြေခံဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နေချိန်ဖြစ်ပါကြောင်း၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှုကို တတ်နိုင်သမျှ တည်ငြိမ်အောင် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ အဓိကခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် အခြားကုန်ပစ္စည်းဈေးနှုန်းများ ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် အကျိုးရှိသည့် နည်းလမ်းများကို ဖော်ထုတ်ပြီး သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များအားလုံးက ပူးပေါင်းပြီး ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် လုံလောက်စွာ ဝင်ရောက်စေရေးအတွက် လိုအပ်သည့် ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်မှုစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် MSME လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အခြေခံစားသောက်ကုန် ထုတ်လုပ်ရာတွင် အဓိကကျသည့် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSME ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဦးချင်းဝင်ငွေရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဒေသထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်းများ၊ အသင်းအဖွဲ့စည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း NCCI အသင်း ဥက္ကဋ္ဌ၊ နေပြည်တော်စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ One Region One Product (OROP)လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ MSME အသင်း၊ ဆန်ဒေသအသင်း၊ ဆီလုပ်ငန်းရှင်များအသင်း၊ ရေသန့်လုပ်ငန်းရှင်များအသင်း၊ Super Market လုပ်ငန်းရှင်များ၊ ပြည်ပပို့ကုန်လုပ်ငန်းရှင်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍများလိုက် ပေါင်းစပ်ဖြည့်ဆည်းပေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment