အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


MNP ၊ စက်တင်ဘာ ၂၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တွေ့ဆုံ၍ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တည်ဆောက်ရေးလုပ်ငန်းများ၌ ဥပဒေ၊ နည်းဥပဒေနှင့်ညီညွတ်ရန် လိုအပ်သည့်ကိစ္စရပ်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာရှင်ဉာဏိဿရအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူတော်ငွေများနှင့် ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီး ၏ ဩဝါဒတရားတော်များကို နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိပြီး လျှပ်စစ်နှင့် ဘွိုင်လာစစ်ဆေးရေးလုပ်ငန်းများသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးသည့် လုပ်ငန်းဖြစ်၍ လုပ်ထုံး လုပ်နည်းများနှင့်အညီ တိတိကျကျစစ်ဆေးဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍဟန်ချက်ညီစွာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး စက်မှုဝန်ကြီးဌာန၏ မူဝါဒတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုကဏ္ဍများ ဘက်ညီဖွံ့ဖြိုးရေးအတွက် လယ်ယာအခြေခံစက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်း များနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာစေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ပြီး အကြီးစားစက်မှု လုပ်ငန်းများကို ဆက်လက်ထူထောင်ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်နှင့် ပြည်ပပို့ထုတ်ကုန်များ တိုးမြင့်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ယခုအချိန်တွင် အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို “အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” အဖြစ် ပြဋ္ဌာန်း နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဥပဒေပြဋ္ဌာန်းပြီးပါက MSME ဥပဒေအရ လုပ်ငန်းအရွယ်အစား သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လက်မှတ်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ MSME များအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ မှတ်ပုံတင်ခြင်းအားဖြင့် ဥပဒေအရ အခွန်လျှော့ပေါ့ခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်း၊ နည်းပညာ၊ ဈေးကွက်နှင့်ငွေကြေးအရင်းအနှီးများ ရယူနိုင်ခြင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အပံ့များရရှိနိုင်ခြင်း၊ စွန့်ဦးတီထွင်မှု ပြုလုပ်သူများနှင့် လုပ်ငန်းအသစ် စတင်လုပ်ဆောင်လိုသူများအတွက် လိုအပ်သော အကြံပေးဝန်ဆောင်မှုများ၊ အခြား လိုအပ်သောကူညီပံ့ပိုးမှုများကို ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ ဒေသအလိုက် MSME များ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်အနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စစ်ကိုင်းစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက စက်မှုဇုန်ဆိုင်ရာ အချက်အလက်များနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေသည့် အခက်အခဲများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) သို့ ရောက်ရှိပြီး ဆေးဝါးထုတ်လုပ်ရာတွင် လိုအပ်သော ပညာရှင်များကို တိတိကျကျသတ်မှတ်၍ မွေးမြူလေ့ကျင့်ပေးရန်၊ ပြည်သူများအတွက် လိုအပ်သော ဆေးဝါးများအချိန်မီ ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ စက်ရုံ၌ ရှိပြီးနည်းပညာများကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း လေ့ကျင့်သင်ကြားပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)