MNP ၊ စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများအား မိုးစပါးစိုက်ဧက(၁၄၆၀)အတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ (၁)ဧကလျှင် (၂) သိန်းနှုန်းနှင့်ညီမျှသော မတည်ငွေ(သွင်းအားစု/မျိုးစပါး)ကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံးတွင် ပေးအပ်ခဲ့သည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦး ချင်း ဝင်ငွေတိုးတက်စေရန်နှင့် (၁)ဧကအထွက်နှုန်းတိုးစေရန်အတွက် သမဝါယမဦးစီးဌာနမှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများ၏ စိုက်ဧက(၁၄၆၀)အတွက် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ ကျပ်(၂၉၂)သန်းနှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုများကို မြို့နယ်အတွင်းရှိ သမဝါယမ အသင်းများသို့ ပေးအပ်ခြင်းဖြစ်သည်။
ပေးအပ်ရာတွင် မြို့နယ် မိုးစပါး စိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသောင်းအေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)ဖြင့် တောင်သူများအတွက် ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြား ၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးက အသင်းသား တောင်သူ များအား ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ထောက်ပံ့မှုရရှိသော မြို့နယ်အတွင်းရှိ သမဝါယမအသင်း(၁၁)သင်းမှ အသင်းသားတောင်သူ(၂၇၅)ဦး၏ စိုက်ဧက (၁၄၆၀)အတွက် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ ကျပ်(၂၉၂) သန်းနှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုများကို ခရိုင်/မြို့နယ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာ အသင်းသား တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ လယ်ဧက(၃၀၀၀)ဧကအတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ စိုက်ဧက(၃၀၀၀)လျာထားဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (၁၄၆၀) ဧကအတွက် သွင်းအားစုများကို ယနေ့တွင်မတည်ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိသော(၁၅၄၀)ဧကအတွက် ဆက်လက် ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment