MNP ၊ စက်တင်ဘာ ၂၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ် ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဉ် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းတို့ကို မပျက်မကွက်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပုဂ္ဂလိကပညာရေးဥပဒေလိုက်နာ ဆောင်ရွက်ရေးကိစ္စ၊ ပုဂ္ဂလိကကျောင်းဆိုင်ရာ နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်ခွင့် ဗီဇာနှင့်ဗီဇာသက်တမ်းတိုးခွင့်ကိစ္စ၊ ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ရေးကိစ္စနှင့် ပုဂ္ဂလိကကျောင်း ဆရာများ မှတ်ပုံတင်ရေးကိစ္စတို့ကို အပိုင်း လေးပိုင်းခွဲ၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဉ် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းတို့ကို မပျက်မကွက်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေရန် အတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်ဘာသာရပ်များကို ဥပဒေနှင့်အညီ သင်ကြားရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကအခြေခံပညာ သင်ရိုးသင်ကျောင်းများ၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းသင် အခြေခံပညာကျောင်းများ အားလုံးကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ စာမေးပွဲကျင်းပရက်များသည် နိုင်ငံတော်ကဖွင့်လှစ်သည့် ကျောင်းများနှင့်တစ်ပြေးညီ တူညီရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအားလုံး တစ်ပြေးညီဝါတွင်းကာလ၌ ဥပုသ်တနင်္ဂနွေနေ့တွင် ကျောင်းပိတ်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးတို့က ဆရာဖြစ်လက်မှတ်ရရှိရေး၊ နိုင်ငံခြားသားဆရာများ ဗီဇာရရှိရေး၊ ပုဂ္ဂလိကကျောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပုဂ္ဂလိကကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသော ပုဂ္ဂလိကကျောင်းများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဩဂုတ် ၁၆ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော မြို့နယ်ပညာရေးမှူးများအတွက် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းသို့ သွားရောက်၍ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment