MNP ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်၍ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ၀န်ထမ်းများ၊ မအီနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော စုစုပေါင်းဝန်ထမ်းအင်အား (၁၀၀) ခန့်တို့က မအီမြို့၊ ပြည်သူ့ဆေးရုံဝင်း အတွင်းအပြင်သန့်ရှင်းရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရေး၊ အဆောက်အဦနှင့်မလွတ်သည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းရေးတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုနောက် ထွက်ရှိလာသောအမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူသည့်လူနာများ စိတ်ချမ်းမြေ့စွာ ဆေးကုသမှုခံယူနိုင်ရေး၊ လေကောင်းလေသန့်ရရှိစေနိုင်ရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေးနှင့် ပြည်သူ့ဆေးရုံအတွင်းအပြင် သန့်ရှင်းသပ်ရပ်နေစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ ပြည်သူ့ဆေးရုံ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ (၅-၉-၂၀၂၃) ရက်စွဲပါစာဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား မဆောင်ရွက်မီ၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးမှုများကို မှတ်တမ်းဓာတ်ပုံများနှင့်အတူ စနစ်တကျမှတ်တမ်းတင်ပြီး (၉-၉-၂၀၂၃) ရက် နေ့လယ်(၁၂း၀၀)အချိန် အရောက် ပြန်လည်တင်ပြရန် ညွှန်ကြားထားရှိပြီးဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment