MNP ၊ စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက သင်တန်း တက်ရောက်ခြင်းကြောင့် ရရှိသွားသော အသိပညာဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်၊ ရပ်ရွာလူမှုအသိုင်းအဝိုင်းနှင့် ပေါင်းစပ်ညှိနှိုင်းသည့်အခါတွင် လက်တွေ့အကျိုးရှိစွာ ပြန်လည်အသုံးချပါက ပြည်သူလူထုနှင့်ဌာနဆိုင်ရာများအကြား ယခင်ကထက်ချိတ်ဆက်မှု ပိုမိုအားကောင်းလာမှာဖြစ်ကြောင်း၊ သင်တန်းမှပို့ချလိုက်သည့် သင်ခန်းစာများကို မိမိတို့လက်လှမ်းမီသော ပတ်ဝန်းကျင်၊ ပြည်သူလူထုများထံ လက်ဆင့်ကမ်းပေးရန်လိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါသင်တန်းအား စက်တင်ဘာလ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့်ရပ်ရွာအတွင်းရှိ စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment