နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော် လားရှိုးတက္ကသိုလ်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာ ဆရာမများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော် လားရှိုးတက္ကသိုလ်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာ ဆရာမများနှင့်တွေ့ဆုံ


MNP ၊ စက်တင်ဘာ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့က လားရှိုးတက္ကသိုလ်၌ အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာဆရာမများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက်လိုအပ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာရန် ဆရာ ဆရာမများက ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပေးမှသာလျှင် အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက ပညာရေးကို အားသွန်ခွန်စိုက် အားပေးဆောင်ရွက်နေသည်ကို ဆရာ ဆရာမများ အသိဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားဆုံးမလမ်းညွှန်သည့်အခါ ဗလငါးတန်နှင့် ပြည့်စုံစေရေးဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လားရှိုးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများသည် လားရှိုးမြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမောချယ်ရီခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံမှာ ပညာတတ်လူသားအရင်းအမြစ်များ ပေါများနေရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာတော်ပြီးလိမ္မာရေးခြားရှိရန်နှင့် ကျောင်းတက်ပျော်အောင် ဆောင်ရွက်ပေးကြရန်နှင့် ဆရာဆရာမများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်ကျောင်းသားများကို လူတော်လူကောင်းများအဖြစ် မွေးထုတ်ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ လားရှိုးခရိုင် ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ချီးမြှင့်ငွေများကို ပေးအပ်ရာ ပညာရေးမှူးများက လက်ခံရယူကြပြီး ဆရာဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။


ယင်းနောက် လားရှိုးမြို့ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော်များကောင်စီသို့ သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂိုဏ်းပေါင်းစုံ ခရစ်ယာန် အသင်းကောင်စီအဖွဲ့ဝင်များကို ချီးမြှင့်ငွေများပေးအပ်ရာ ဂိုဏ်းပေါင်းစုံခရစ်ယာန်အသင်းတော် ကောင်စီတာဝန်ရှိသူများက လက်ခံရယူကြပြီး ကက်သလစ်အသင်းတော် ကျောင်းထိုင်ဆရာတော် Father Gorge က အထူးမေတ္တာပို့ဆုတောင်းနှင့် ကောင်းချီးမင်္ဂလာပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment