MNP ၊ စက်တင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် စကြာမုနိဗုဒ္ဓရုပ်ပွားတော်အားဖူးမြော်ပြီး ဌာနဆိုင်ရာ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များနှင့် စစ်တွေမြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး စေတီတော်ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြကာ စေတီတော်အတွင်းလှည့်လည်ဖူးမြော်ကြသည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်း ဝင်စကြာမုနိဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေပညာရှင်များ၊ လူမှုရေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက မိမိတို့ ပြည်သူများသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရ၍ ဝမ်းမြောက်မိပါကြောင်း၊ မုန်တိုင်းမတိုက်ခတ်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုများ၊ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုများ၊ ပြည်သူများနှင့် လူမှုရေးအဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ကြိုတင်ရွှေ့ပြောင်းခြင်းများဆောင်ရွက်ခဲ့ရာ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် မုန်တိုင်းကာလကို ဖြတ်ကျော်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ သဘာဝကို မိမိတို့အနေဖြင့်တားဆီး၍ မရနိုင်သို့သော်လည်း ကျော်ဖြတ်နိုင်ရမည်ဖြစ်သည့်အတွက် ယခုအခါ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်ကိုကျော်ဖြတ်ခဲ့ပြီး နောက်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ချမှတ်ကာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်သည် လူမျိုးကိုအခြေခံ၍ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိကထားဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်သည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ပြင် ကျေးလက်နေပြည်သူများနှင့် ဝေးလံဒေသများမှ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၊ အတန်းပညာတတ်မြောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်တစ်ပြည်တိုးတက်ရန် အခြေခံမှာပညာတတ်များ ပေါကြွေဝခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်နေသည့်အတွက် နိုင်ငံသားတိုင်း ပညာရည် မြင့်မားရေးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မိမိတို့ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အလားအလာကောင်းများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် အတွက် အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လုပ်ဆောင်နေမှုများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသထွက်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေက နိဂုံးချုပ် အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ)နှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာရေးနှင့် စဉ်းစားတွေးခေါ်မှုကို အားပေးသော သင်ကြားသင်ယူမှုနည်းစနစ်များကို အသုံးပြုကာ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်များပေါများရေးကို ဦးတည်သင်ကြားလေ့ကျင့်ပေးရကြရန် ပြောကြားပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓာတ်လယ်ကျောင်းတိုက်၊ နန္ဒာရာမကျောင်းတိုက်နှင့် ကြွဖြူကျောင်းတိုက်တို့သို့ သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ် (စစ်တွေ)နှင့် ကွန်ပျူတာ တက္ကသိုလ်(စစ်တွေ)များသို့ သွားရောက်၍ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦများ ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုများအားလည်းကောင်း၊ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့အားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှု ကြောင့် ထိခိုင်ပျက်စီးခဲ့သည့် စစ်တွေပွိုင့်အပန်းဖြေစခန်းအား ပြန်လည် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအားသွားရောက်ကြည့်ရှု စစ်ဆေးကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် စစ်တွေမြို့၊ ရှုခင်းသာလမ်း (စာတိုက်လမ်းဆုံမှစစ်တွေဟိုတယ်လမ်းဆုံအထိ) ၁၂၉၀၀ ပေလမ်းပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှု ကြောင့် ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုနှင့် လမ်းတိုးချဲ့ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မြင့်က လမ်းအပိုင်းအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု၊ ပြီးစီးနေမှုနှင့်လမ်းတိုးချဲ့ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment