ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်




MNP ၊  စက်တင်ဘာ  ၂၆

၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ၂၅ ရက် မွန်းလွဲ ၁နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဗဟိုအဆင့်ပြိုင်ပွဲအား အဆင့်အတန်းရှိရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်ရန် ကော်မတီအလိုက် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခင်နှစ်တွင် ပြည်နယ်အနေဖြင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအမျိုးအစား (၃၆) ခုတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုအပါအဝင် ဆုတံဆိပ် (၁၀)ခုရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ်တွင်ပြိုင်ပွဲအမျိုးအစားအလိုက် တိုးမြှင့်ယှဥ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်များပိုမိုရရှိကာ ပြည်နယ်ဂုဏ်ဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် အားသာချက်/အားနည်းချက်အပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲအတွက် ဘာသာရပ်အလိုက်/ အမျိုးအစားအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ၊ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌနှင့် ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ပြိုင်ပွဲကျင်းပပြုလုပ်သွားမည့် အစီ အစဉ်များ၊ ဗဟိုအဆင့်ပြိုင်ပွဲအတွက် ကြိုတင်စုဖွဲ့လေ့ကျင့်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ရိုးရာယဥ်ကျေးမှုအကများဖြင့် ပါဝင်ယှဥ်ပြိုင်ရာတွင် စနစ်တကျဖြစ်စေရေး ရှင်းလင်းတင်ပြကြသည်။


တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်‌ရေး လုပ်ငန်းဆပ်ကော်မတီအလိုက် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ထို့အပြင် အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ကြီးရွယ်အိုများသည် ကျေးဇူးရှင်မိဘများဖြစ်ပါကြောင်း၊ ၄င်းတို့၏ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့ခြင်းများအား ကျေးဇူးပြုသောအားဖြင့်လည်းကောင်း၊ သက်ကြီးရွယ်အိုများအား ဦးထိပ်ထား အသိအမှတ်ပြုလိုသောအားဖြင့်လည်းကောင်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို မဖြစ်မနေကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားတွင် ပြည်နယ်အတွင်း အသက် (၁၀၀) နှစ် နှင့်အထက် ဘိုးဘွား (၁၄၈) ဦးအား တစ်ဦးလျှင် ငွေကျပ် (၁) သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်နိုင်ခဲ့ ပါကြောင်းနှင့် ယခုနှစ်တွင်လည်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ဂါဝရပြုထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း သက်ကြီးဘိုးဘွားများအား စာရင်းပြုစုထားမှုအခြေအနေ၊ ဂါဝရပြုလက်ဆောင်များပေးအပ်နိုင်‌ရေး ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများအား ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များ ကြိုတင်စီစဥ်ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဥ်း၍ တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ကြီးဘိုးဘွားများအရေအတွက် ရရှိရေး၊ သက်ကြီးရွယ်အိုများ၏ စွမ်းအားကို နိုင်ငံတော်တည်ဆောက်ရေးဖြစ်စဥ်တွင် ထည့်သွင်းအသုံးပြုသွားနိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်‌ရေး ဝိုင်းဝန်းကြိုးစားကြရန်နှင့် ဘိုးဘွားများကို ကြည့်ရှုစောင့်ရှောက်နိုင်ရန် လိုအပ်လျက်ရှိသော ဘိုးဘွားရိပ်သာများ တိုးချဲ့တည်ဆောက်နိုင်‌ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ခဲ့သည်။


ထို့နောက် မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား‌ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထား‌ရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းနိုင်‌ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်နေရာချထားရာတွင် မူလနေထိုင်ရာဒေသနှင့် လူမှုပတ်ဝန်းကျင် အတွင်း ပြန်လည်ပေါင်းစည်းနေထိုင်ခြင်း၊ မူလနေထိုင်ရာဒေသနှင့်အနီးဆုံးနေရာ(သို့မဟုတ်) အခြားသင့်လျော်သော နေရာတစ်ခုသို့ပြောင်းရွေ့၍ ပေါင်းစည်းနေထိုင်ခြင်း၊ ယာယီခိုလှုံရာဒေသရှိ လူမှုပတ်ဝန်းကျင် (သို့မဟုတ်) အခြားသင့်လျော်သည့် လူမှုပတ်ဝန်းကျင်အတွင်း ပေါင်းစည်းနေထိုင်စေခြင်းစသည့် အချက် (၃)ချက် နှင့်အညီ စခန်းများပိတ်သိမ်းပြီး ပြန်လည်နေရာချထားပေးနိုင်ရေးတို့အား ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးကြစေလိုကြောင်း မှာကြားသည်။


ယင်းနောက် တက်ရောက်လာကြသည့်ပြည်နယ်အဆင့်ကော်မတီဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဘာသာ‌ရေးအသင်းအဖွဲ့များမှ တာဝန်ခံများ၊ အရပ်ဖက် လူမှု‌ရေးအသင်းအဖွဲ့များ၊ ICRC မှ တာဝန်ခံတို့က ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ခဲ့မှုအခြေအနေများ ၊ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချ ထား‌ရေးနှင့် ၄င်းတို့၏နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နေအိမ်၊ ရေ၊ မီး လိုအပ်ချက်များအတွက် ပြင်ဆင်ဖြည့်စွက် ဆောက်လုပ်ပေးနေမှုအခြေအနေများ၊ ဗန်းမော်ခရိုင် မံစီမြို့နယ်၊ ကောင်ရာ KBC Camp စခန်းမှ အိမ်ထောင်စု (၃၄)စု၊ လူဦး‌‌ရေ (၁၅၄) ဦးအတွက် ၄င်းတို့၏ အစီအစဥ်ဖြင့် ဝယ်ယူထားသည့် ရပ်ကွက်၊ကျေးရွာများထံလာမည့် နိုဝင်ဘာလအတွင်း ပြန်လည်ပြောင်း‌ရွှေ့နေထိုင်နိုင်ရန် ဂရုဏာလူမှုစည်းလုံးညီညွတ်‌ရေးအသင်း(KMSS) မှ နေအိမ်များ ဆောက်လုပ်ပေးရန် ပြင်ဆင်‌ဆောင်ရွက်နေမှုအခြေအနေများနှင့် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ချင်းနှစ်ခြင်း Camp စခန်းမှ အိမ်ထောင်စု (၅) စု၊ လူဦး‌ရေ (၂၅) ဦးအတွက် နေအိမ်ဆောက်လုပ်ပေးနိုင်ရေး၊ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)