MNP ၊ စက်တင်ဘာ ၈
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေးအခမ်းအနားကို ယမန်နေ့ နံက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ကယား ပြည်နယ် အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးတို့က လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေးအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေး အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကို ပုခုံးပြောင်းတာဝန်ယူသွားကြရမည်ဖြစ်သည့်အတွက် ပညာရည်ပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လိုကြောင်း၊ ပညာရေးသည် အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်၍ နိုင်ငံတော်အနေဖြင့်လည်း လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဘက်စုံပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အတတ်ပညာသာမက အသိပညာပါပြည့်စုံပြီး ဗလငါးတန်ပြည့်ဝသည့် လူကောင်းလူတော် များဖြစ်လာအောင်မိဘများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများကလည်း ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ချမှတ်ပြီး နိုင်ငံတော်ကအားထားရသည့် သားကောင်းရတနာများ ဖြစ်အောင်ကြိုးစား ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်တက္ကသိုလ် လူငယ်ရေးရာသီတင်းပတ် လှုပ်ရှားမှုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ အဖွဲ့လိုက်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ သီဆိုဖျော်ဖြေတင်ဆက်သွားကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ Project Presentation အဖွဲ့ (၁) ကိုယ်စားပြု Project စာတမ်းဖတ်ကြားရာတွင် ပထဝီဝင်ဌာန၊ ပါမောက္ခ (ဌာနမှူး) က သဘာပတိအဖြစ် ဆောင်ရွက်ကာ ပထဝီဝင်ဌာန၊ ကျောင်းသူတစ်ဦးက လွိုင်ကော်မြို့ ပထဝီဝင်အနေအထားနှင့် စပ်လျဉ်း၍ မှတ်တမ်းပြုစုထားသည့် စာတမ်းအား ဖတ်ကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်တက္ကသိုလ် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။
ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာသီတင်းပတ်အဖြစ် စက်တင်ဘာလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ လွိုင်ကော်တက္ကသိုလ်၌ ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလနှင့် မိတ္တဗလဟူသည့် ဗလငါးတန်နှင့် သက်ဆိုင်သည့်လှုပ်ရှားမှုများဖြစ်သော အသိပညာပေးဟောပြောပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများကို နေ့အလိုက် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment