ကမ္ဘာ့အခြေအနေနှင့် နိုင်ငံ့အခြေအနေတို့ကို အမြဲမပြတ်သိရှိလေ့လာထားကြရန်နှင့် ထုတ်ဝေစာများကို စိစစ်ဖတ်ရှုသုံးသပ်ကြရာတွင် နိုင်ငံရေးအမြင်ရှိရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့အခြေအနေနှင့် နိုင်ငံ့အခြေအနေတို့ကို အမြဲမပြတ်သိရှိလေ့လာထားကြရန်နှင့် ထုတ်ဝေစာများကို စိစစ်ဖတ်ရှုသုံးသပ်ကြရာတွင် နိုင်ငံရေးအမြင်ရှိရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား




MNP စက်တင်ဘာ ၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲနှင့် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲနှင့် သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ ရုံးအဆောက်အအုံ ပြင်ဆင်မွမ်းမံထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ညွှန်ကြားရေးမှူးဦးကျော်ဌေးက လုပ်ငန်းတာဝန်များ ခွဲဝေချထားမှု၊ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှု၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ဝန်ထမ်းများအားလုံး ယေဘုယျသိရှိကြမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အခြေအနေနှင့် နိုင်ငံ့အခြေအနေတို့ကို အမြဲမပြတ်သိရှိလေ့လာထားကြရန်နှင့် ထုတ်ဝေစာများကို စိစစ်ဖတ်ရှုသုံးသပ်ကြရာတွင် နိုင်ငံရေးအမြင်ရှိရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာဝပြောရန်နှင့် စားရေရိက္ခာဖူလုံမှုရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသည် အရေးကြီးသည့် ဌာနတစ်ခုဖြစ်သည့်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ထုတ်ဝေစာများကို ဥပဒေနှင့်အညီ လာရောက်ပို့ဆောင်ပေးရန် သက်ဆိုင်ရာစာပေတိုက် များအား နှိုးဆော်ရမည်ဖြစ်သကဲ့သို့ ၎င်းတို့၏ ရေးသားဖော်ပြချက်များသည် ကျင့်ဝတ်၊ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ ကိုလည်း ဖတ်ရှုသုံးသပ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အမျိုးဘာသာသာသနာအကျိုးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲရုံးကို ကြည့်ရှုစစ်ဆေး သည်။


ဆက်လက်၍ ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်လုပ်ရေးဌာနခွဲနှင့် သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲရုံး အဆောက်အအုံသို့ရောက်ရှိပြီး ပညာ့အလင်း ခေတ်မီစာကြည့်တိုက်တွင် ကျောက်တံတားမြို့နယ်၊ စာပေချစ်သူများအဖွဲ့ (Book Club) မှ စာရေးဆရာများ စာပေစကားဝိုင်း၌ စာပေဆွေးနွေးနေမှုနှင့် ကလေးများ စာပေဖတ်ရှုနေမှု၊ ရုပ်ပုံများ ရေးဆွဲနေမှုတို့ကို ကြည့်ရှုအားပေးသည်။


ယင်းနောက် နှစ် ၉၀ ကျော် သက်တမ်းရှိပြီဖြစ် သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးအဆောက်အအုံအား အကြီးစားပြင်ဆင်မွမ်းမံထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှေးဟောင်းအဆောက်အအုံများ ပြင်ဆင်ရမည့် နည်းလမ်းများနှင့်အညီ ပြင်ဆင်ခွင့် တင်ပြခွင့်ပြုချက်ရယူပြီး အသေးစိတ် မွမ်းမံပြင်ဆင်ထားမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)