အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ


MNP ၊ စက်တင်ဘာ ၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ် (၁၈) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်က နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကအဟန့်အတား ဖြစ်စေသော အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်း ခြင်းဖြစ်၍ နိုင်ငံ့အနာဂတ် လူငယ်များကို ကိုယ်ကျင့်တရားကောင်းမွန်စေရန် ငယ်စဉ်ကပင် လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ ထိုသို့ပျိုးထောင်ရာတွင် ပညာသင်ကြားရာ စာသင်ခန်းများမှ စတင်ရမည်ဖြစ်ကြောင်း၊ အနာဂတ် ခေါင်းဆောင် လူငယ်များကို ကျင့်ဝတ်နှင့်အညီ ထိရောက်သော စီမံခန့်ခွဲမှုရှိသည့် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ခြင်းဖြင့် အဂတိလိုက်စားမှုလျော့နည်းပပျောက်ပြီး ဖြောင့်မတ်တည်ကြည် မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားကြသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာန အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း) အဆင့်များမှ စတင်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တောင်ကြီးမြို့ အမှတ်(၁၅)အခြေခံပညာ အလယ်တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲမှ အမှုထမ်းများက ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြသည်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းမှာ လူငယ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများသိရှိစေရန်၊ အဂတိလိုက်စားမှုကို ဆန့်ကျင်လိုသည့် လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရန်နှင့် လူငယ်များ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန်၊ ဖြောင့်မတ်တည်ကြည်မှု ရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)