MNP ၊ စက်တင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဦးပိုးရယ်အောင်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို အထူးအလေးထားကာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ လူငယ်လူရွယ်များအား ပညာရည်မြင့်မားလာအောင် ဆောင်ရွက်ပေးခြင်းဖြင့် အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာမည်ဖြစ်ကြောင်း၊ လွတ်လပ်ပီးတရားမတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံးမဲပေးနိုင်ရေးကို ပြည်သူများအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်အပေါ် ကယားပြည်နယ်အနေဖြင့် ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဒေသအတွင်းဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများက လွိုင်ကော်မြို့အတွင်း တိုးမြှင့်ပြုပြင်ဆောင်ရွက်ပေးစေလိုသည့် လမ်း/အဆောက်အဦ ဆိုင်ရာကိစ္စရပ်များ၊ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာများ၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်မှုရှိပြီး ဖြန့်ဖြူးရောင်းချရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး ကိစ္စရပ်များကိုတင်ပြခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment