ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ၏ တရုတ်ပြည်ခရီးစဉ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှစ်ရပ် အပါအဝင် သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ၏ တရုတ်ပြည်ခရီးစဉ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှစ်ရပ် အပါအဝင် သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရ


MNP ၊ စက်တင်ဘာ ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့က Nanning International Convention and Exhibition Center (NICEC) တွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေး ဖိုရမ်သို့တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာ၌ မန္တလေးမြို့သည် မြန်မာ-တရုတ် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်း၊ မဟာမဲခေါင်ဒေသခွဲ (GMS) ၏ အရှေ့အနောက် စီးပွားရေးစင်္ကြံ နှင့် တောင်မြောက်စီးပွားရေး စင်္ကြံများဖြင့် ချိတ်ဆက်နေသည့် ကုန်သွယ်ရေးလမ်းကြောင်းများ ၏ ဗဟိုချက်တွင် တည်ရှိသောကြောင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ နှစ်လိုဖွယ်ရာ မြို့တော် (City of Charm) အဖြစ် ရွေးချယ်ပြသခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့သည် ဒေသတွင်းကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သော စီးပွားရေးစင်္ကြံလမ်းကြောင်းများ၏ လမ်းဆုံ၌တည်ရှိကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် အလားအလာရှိသည့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ငန်း၊ ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း အလေးအနက်ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်းနှင့် မန္တလေးတိုင်းဒေသကြီး စီးပွားရေးဝန်ကြီးဦးသိန်းဌေးတို့က အဖွင့်အမှာစကားများ ပြောကြားသည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံမှ အစိုးရကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံမှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံညီလာခံ ဒုတိယဥက္ကဋ္ဌ မစ္စတာဟွမ်ကျွင့်ဟွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ဖိုရမ်တွင် မန္တလေးမြို့သာစက်မှုဇုန်စီမံကိန်း၊ အမရပူရခရီးသွားစီမံကိန်း၊ မင်္ဂလာမန္တလေးစီမံကိန်း၊ ရေတံခွန်တောင်မြို့တော်စီမံကိန်းနှင့် မြန်မာနိုင်ငံသစ်သီးဝလံကဏ္ဍများနှင့်ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်းအလိုက် တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဖိုရမ်တွင် Cooperation Agreement of Luban Workshop Operation Project in Myanmar ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှစ်ရပ်၊ ကုန်သွယ်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ပျားရည်ရောင်းဝယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် စသည့် သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)