ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၅)ကြိမ်မြောက် တရုတ်နိုင်ငံ၏အရည်အသွေးပိုင်းဆိုင်ရာ ညီလာခံသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၅)ကြိမ်မြောက် တရုတ်နိုင်ငံ၏အရည်အသွေးပိုင်းဆိုင်ရာ ညီလာခံသို့တက်ရောက်


MNP ၊ စက်တင်ဘာ ၂

(၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံ (The Fifth China Quality Confer-ence) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့တွင် စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပလျက်ရှိရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် Chengdu Century City New International Convention Center ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုပုံစံနှင့် စွမ်းဆောင်ရည်အာမခံချက်များတွင် အရည်အသွေး ပိုင်းဆိုင်ရာသဘောတရားများကိုလည်း လျစ်လျူရှုထား၍မရနိုင်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သည် (၁၄) ကြိမ်မြောက် (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) တွင် ပတ်ဝန်းကျင်နှင့် ဆီလျော်သည့် အစိမ်း ရောင်စီးပွားရေးလမ်းကြောင်းပေါ်သို့ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ ထည့်သွင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ (၁၄) ကြိမ်မြောက် အမျိုးသားညီလာခံ အစည်းအဝေး၌ သမ္မတ ရှီကျင့်ဖျင်က အရည်အသွေးမြင့်သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရေးနှင့် အရည်အသွေး မြင့်သည့်ထုတ်ကုန်များကို ပိုမိုအဆင့်မြှင့်တင်ရန် အလေးပေးပြောကြားခဲ့ကြောင်း။

ယခုကျင်းပသည့် (၅)ကြိမ်မြောက် အရည်အသွေး ပိုင်းဆိုင်ရာ ညီလာခံတွင်လည်း မိမိတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် သတင်း အချက်အလက်များဖလှယ်ရန် အခွင့်အလမ်းများ ရမည်မှာ အသေအချာဖြစ်ပါကြောင်း၊ အရည်အသွေး ဆိုင်ရာစီမံခန့်ခွဲမှုကို ပိုမိုအားကောင်းလာစေရန်နှင့် စွမ်းဆောင်ရည်ပြည့်ဝ၍ ထိရောက်မှုရှိစေရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုသည်လည်း အဓိကကျသည့်အရာတစ်ခုဖြစ်ပါကြောင်း၊ တရုတ် နိုင်ငံသည် ဘဏ္ဍာရေးဆိုင်ရာဒစ်ဂျစ်တယ်စနစ်၊ ရေရှည် တည်တံ့သည့် အစိမ်းရောင်ဘဏ္ဍာရေးနှင့် အရည် အသွေးမြင့်မားသည့်ဖွံ့ဖြိုးမှုကဏ္ဍများတွင် သိသာစွာ တိုးတက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ်စနစ်ကို အရှိန်မြှင့်တင် ခြင်းနှင့် အစိမ်းရောင်စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုကို အားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းတွင် အခွန်အခများ လျှော့ချခြင်းပါဝင် သည့် သက်သာခွင့်ပေးမှုများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကာလတိုမူဝါဒအနေဖြင့် ၂၀၂၅ ခုနှစ်အထိ ပြည်ပမှ လျှပ်စစ်ကားတင်သွင်းမှုကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပိုမိုလေးနက်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက် လာနိုင်ရန် မျှော်လင့်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးပြည့်ဝသည့် ကုန်ပစ္စည်းများနှင့် အရည်အသွေးဆိုင်ရာ အခြေခံ အဆောက်အဦများ၏အရေးပါမှုကို လက်ခံအသိမှတ် ပြုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် လက်ရှိတွင် ပြည်ပတွင်ထုတ်လုပ်သည့်ကုန်ပစ္စည်းများ မှတ်ပုံတင် ခြင်းအား ထိန်းချုပ်စစ်ဆေးရန်အတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ အကောက်ခွန်နှင့် ပို့ကုန် သွင်းကုန် အထွေထွေစီမံခန့်ခွဲမှုအဖွဲ့ (General Administration of Customs China – GACC) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း များကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ GACC မှ လည်း တရုတ်နိုင်ငံဈေးကွက်သို့ ဝင်ရောက်နိုင်မည့် နည်းလမ်းများ လွယ်ကူချောမွေ့စေရေးကို ကူညီပံ့ပိုးရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ၏ အရည်အသွေးဆိုင်ရာ အာမခံချက်နှင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့်အစီအစဉ် ကို လိုက်ပါဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန် စံညွှန်းလမ်းညွှန်ချက်များ ၂၀၁၂ (Myanmar National Building Code 2012) ကို ရေးဆွဲခဲ့ပြီး အဆောက်အအုံ များ၏အဆင့်အတန်း၊ မြို့ပြစီမံကိန်းရေးဆွဲမှု၊ စွမ်းအင်အား အကျိုးရှိစွာသုံးစွဲနိုင်ရန်နှင့် ပတ်ဝန်းကျင် နှင့်ဆီလျော်သည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် ပြန်လည် ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါကြောင်း။

ယခု နှစ်ရက်တာ ကျင်းပသည့်ညီလာခံတွင် ဆွေးနွေးမှုများမှ နိုင်ငံအချင်းချင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်လာနိုင်မည်ဖြစ်ပြီး မူလမျှော်မှန်းထားသည်ထက် ကျော်လွန်၍ နက်ရှိုင်းသည့်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဖိုရမ် ငယ်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက အရည်အသွေးပိုင်းဆိုင်ရာထိန်းချုပ်မှု စီမံခန့်ခွဲရေး နှင့်စပ်လျဉ်း၍ အမြင်များဖလှယ်နိုင်ကြမည်ဖြစ်ပြီး မူဝါဒများအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အတွေ့အကြုံကောင်းများကို ရရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Zhang Guoqing ၊ တရုတ် နိုင်ငံ၏ဈေးကွက်ထိန်းချုပ်စောင့်ကြည့်ရေး စီမံ အုပ်ချုပ်ရေးဌာနဝန်ကြီး Mr. Luo Wen ၊ စီချွမ် ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wan Xiaohhi ၊ စီချွမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Huang Qiang၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နိုင်ငံတကာစံနှုန်းသတ်မှတ် ရေးအဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် အဓိကဖိုရမ်၊ ခေါင်းစဉ် (၈) ခုဖြင့် ဖိုရမ်ငယ်များ၊ အမျိုးသား နည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် စီချွမ်စီးပွားရေးလုပ်ငန်းများ အကြားအစည်းအဝေး (Match-making Meeting) များကို ဆက်လက်ကျင်းပ ပြုလုပ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)