MNP စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် မောင်တောမြို့သို့ရောက်ရှိပြီး မောင်တောမြို့ သာသနာ့ဗိမာန်၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာအတတ်ပညာများ ရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် အနာဂတ်နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များမွေးထုတ်နိုင်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ တိုးတက်လာစေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက မောင်တောမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးတို့အတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြို့သူကြီးတစ်ပိုင်တစ်နိုင် ရေချိုငါးသားဖောက်စခန်းသို့ သွားရောက်၍ ရေချိုငါးများ သားဖောက်ဆောင်ရွက်နေမှုနှင့် ကျေးလက်တစ်ပိုင်တစ်နိုင် သရုပ်ပြကန်များ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မောင်တောမြို့ ဇူလကျေးရွာ၌ ပေါင်းရှင်းတမန်းနှိုးခြင်း၊ ယူရီးယားဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကိုလည်းကောင်း၊ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာအနီး၌ မွေးမြူရေးလုပ်ငန်းရှင် ဦးမောင်သိန်းကျော်နှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ ရေချိုငါး မွေးမြူရေးကန်များကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားကာ မြို့မိမြို့ဖ များနှင့်ဒေသခံပြည်သူများက ဘူးသီးတောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် နန်းရာကုန်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးမာဘူရော်မာန်၏ အသားတိုးကြက်မွေးမြူရေးခြံကိုလည်းကောင်း၊ လက်ဝဲဒက်ပြင်ရှည်ကျေးရွာ၌ မိုးစပါးပေါင်ပျိုးထောင် စိုက်စနစ် စံပြကွက်ဧက ၂၀ တွင် ပေါင်းရှင်းတမန်းနှိုးခြင်း၊ ယူရီးယားဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ရသေ့တောင်မြို့နယ်သို့ သွားရောက်ပြီး ခနောင်းကြီးကျေးရွာ၌ မိုခါမုန်တိုင်းသင့်တောင်သူများအား နိုင်ငံတော်မှထောက်ပံ့သော မျိုးစပါး GW-11 ၁၀ ဧက စိုက်ပျိုးအောင်မြင်နေမှုနှင့် စိုက်ကွင်းအတွင်း ယူရီးယားဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝမြေဩဇာ ရောစပ်ကြဲပက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ရသေ့တောင်မြို့ စေတီတောင်ဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီတောင်ဘုရားစောင်းတန်း၊ အမိုးအကာများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ ဘုရားကြီးဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
#MyanmarNationalPost
No comments:
Post a Comment