MNP ၊ စက်တင်ဘာ ၂၇
ယူနက်စကိုမှကြီးမှူးကျင်းပသည့် ယခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် လူငယ်ဓာတ်ပုံပြိုင်ပွဲတွင် နေလင်းထွန်းက ရှမ်းပြည်နယ်ရှိ မွေတော်ကက္ကူဘုရားတွင် မီးပူဇော်သည့်ဓာတ်ပုံဖြင့် ဒုတိယဆုရရှိခဲ့ကြောင်း ယူနက်စကို၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ အသက် (၁၄) နှစ်မှ (၁၇)နှစ် အတွင်းနှင့် အသက်(၁၈)နှစ်မှ (၂၅)နှစ်အတွင်းရှိ လူငယ်ဓာတ်ပုံဆရာများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ဓာတ်ပုံပေါင်း (၆၇၀၀) အား ဆုရွေးချယ်ရေးကော်မတီက စိစစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်ပုံပြပွဲ၏ အသက်(၁၈)နှစ်မှ (၂၅) နှစ် အုပ်စု၌ နေလင်းထွန်းက ရှမ်းပြည်နယ်ရှိ မွေတော်ကက္ကူဘုရားတွင် ပအိုဝ်း တိုင်းရင်းသူများ ဆီမီးပူဇော်နေပုံဖြင့် ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းဓာတ်ပုံမှာ မွေတော်ကက္ကူဘုရားပွဲတွင် ဆီမီးပူဇော်သည့် ရိုးရာဓလေ့ကို ဖော်ထုတ်ပြသရုံသာမက ရှေးဟောင်းပိုးလမ်းမ၏ ရှည်လျားသည့် အစဉ်အလာ ဓလေ့ကိုလည်း ရောင်ပြန်ဟပ်ဖော်ပြနေသဖြင့် ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲအား Youth Eyes On the Silk Roads ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး လူမှုရေးနှင့် လူသားသိပ္ပံကဏ္ဍ၏ UNESCO Silk Roads Program အရ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်သည် ကမ္ဘာတစ်ဝန်းမှလူငယ်များက ပိုးလမ်းမများ၏ အစဉ်အလာအမွေအနှစ်အပေါ် ဓာတ်ပုံများမှတစ်ဆင့် မြင်တွေ့နားလည် ခံစားမှုကိုဖော်ပြသည့် အစီအစဉ်ဖြစ်သည်။ ယခုနှစ်တွင် ဗိသုကာပညာ အထိမ်းအမှတ် များနှင့် မြို့ပြစနစ်ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment