အာရှနှင့်ပစိဖိတ်ဒေသတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် သက်ရောက်နိုင်မှုအလားအလာများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာရှနှင့်ပစိဖိတ်ဒေသတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် သက်ရောက်နိုင်မှုအလားအလာများ

စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များလေ့လာရေးဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန





နိဒါန်း

စိုက်ပျိုးရေးလုပ်ငန်းသည်ရာသီဥတုပေါ်တွင် များစွာမူတည်နေပါသည်။ ကမ္ဘာတစ်ဝန်းတွင် အယ်လ်နီညိုဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်လာသော ရာသီဥတုပြောင်းလဲမှုနှင့် အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းအပေါ်တွင် ထိခိုက်မှုများစွာ ကြုံတွေ့ခဲ့ကြရသည်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကာလများ၌ အယ်လ်နီညို ရာသီဥတုအခြေအနေ ပေါ်ပေါက်လာရန်ရှိကြောင်း၊ အယ်လ်နီညိုနှင့်အတူ အပူလှိုင်းများ၏ဒဏ်ကို ၂၀၂၄ ခုနှစ်တွင် မကြုံစဖူးပြင်းထန်စွာ ခံစားကြရဖွယ်ရှိကြောင်း ရာသီဥတုသိပ္ပံပညာရှင်များက သတိပေးထားသည်။


အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက်ထူးကဲစွာပူနွေးလာသည့် အီကွေတာရပ်ဝန်း ပစိဖိတ်သမုဒ္ဒရာရှိ ပင်လယ်ရေပြင်အပူချိန်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့်ဆက်စပ်သော လေထုနှင့်ရေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ်သမုဒ္ဒရာဝန်းကျင်ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသောဒေသများ၏ မိုးလေဝသအခြေအနေကို သက်ရောက်သည့်ဖြစ်စဉ်ကို ခေါ်သည်။ရာသီဥတုပုံစံပြောင်းလဲမှုဖြစ်စဉ် အယ်လ်နီညိုကြောင့် အာရှပစိဖိတ်ဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းကို အကျိုးသက်ရောက်မှုဖြစ်စေနိုင်သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါသည်။       


သမိုင်းတစ်လျှောက်ကြုံတွေ့ခဲ့ကြရသည့် အယ်လ်နီညိုဖြစ်စဉ်များ၏ အကျိုးသက်ရောက်မှုများမှာ (၁) စားနပ်ရိက္ခာလုံခြုံစိတ်ချရမှု လျော့နည်းခြင်း၊ (၂) ရေရှားပါးမှုအခက်အခဲများကြုံတွေ့ရခြင်း၊ (၃) တောမီးလောင်ခြင်း၊ (၄) ပင်လယ်သမုဒ္ဒရာရေအပူချိန်ပြောင်းလဲခြင်း၊ (၅) တုပ်ကွေးနှင့်ငှက်ဖျားရောဂါထူပြောခြင်းတို့ ဖြစ်ပါသည်။


အယ်လ်နီညိုဖြစ်စဉ်အတွက် ကြိုတင်ခန့်မှန်း ထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်းများ

၂၀၂၃-၂၀၂၄ ခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့ရမည်ဟု အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာ ကွပ်ကဲရေးအဖွဲ့အစည်း (The National Oceanic and Atmospheric Administration:NOAA)၊ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (The World Meteorological Orga-nization:WMO)၊ အပြည်ပြည်ဆိုင်ရာရာသီဥတုနှင့် လူထုဆိုင်ရာ သုတေသနဌာန (International Research Institute for Climate and Society: IRI)နှင့် ဩစတြေးလျမိုးလေဝသဌာန(The Australia Bureau of Meteorology: BOM) တို့မှ မိုးလေဝသပညာရှင်များကထုတ်ပြန်ခဲ့သည်။


အယ်လ်နီညိုဖြစ်စဉ်နှင့် အကျိုးသက်ရောက်နိုင်မှုအခြေအနေ ခန့်မှန်းချက်

၂၀၂၃ ခုနှစ်တွင် အစွန်းရောက်ရာသီဥတုဖြစ်စဉ် အယ်လ်နီညိုကြောင့် အာရှနှင့်ပစိဖိတ်ဒေသအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေများမှာ (၁) မိုးသည်းထန်ခြင်းနှင့် ရေကြီးခြင်း၊ (၂) ပူပြင်း ခြောက်သွေ့ခြင်းနှင့် မိုးရွာသွန်းမှုနည်းပါးခြင်း၊ (၃) လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းနှင့် ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပေါ်ခြင်းတို့ဖြစ်ပါသည်။


အိန္ဒိယသမုဒ္ဒရာအတွင်း ရာသီဥတုအခြေအနေ (Indian Ocean Dipole: IOD)

အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနှင့်အနောက်ပိုင်း ပင်လယ်ရေမျက်နှာပြင် အပူချိန်ကွာခြားချက်နှင့် အယ်လ်နီညိုဖြစ်စဉ် ဆက်စပ်လျက်ရှိရာ အပူချိန်ကွာဟမှုများလျှင် (အပေါင်း တန်ဖိုးဆောင်နေလျှင်) အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ကွာဟချက်နည်းလျှင် (အနုတ်တန်ဖိုးဆောင်နေလျှင်) လာနီညာအခြေအနေသို့ ရောက်ရှိနိုင်ပါသည်။


၂၀၂၃ ခုနှစ် ဇူလိုင်လကုန်တွင် အိန္ဒိယသမုဒ္ဒရာတွင်း အစွန်းနှစ်ဖက်၏ အပူချိန်ကွာဟချက်မှာ သာမန်ကြားနေအခြေအနေတွင်ရှိနေပြီး မိုးလေဝသမော်ဒယ်များ၏ ခန့်မှန်းချက်အရ လာမည့်လများတွင် အပေါင်းသဘောဆောင်သည့် အခြေအနေသို့ ဦးတည်နေပါသည်။ အင်ဒိုပစိဖိတ်ဒေသအတွင်း ၂၀၂၃ ခုနှစ် မိုးနှောင်းရာသီနှင့် ၂၀၂၄ ခုနှစ် နွေရာသီတွင် မိုးရရှိမှုလျော့နည်းနိုင်ဖွယ်ရှိပါသည်။ ထိုဥတုအခြေအနေနှင့် အယ်လ်နီညိုဖြစ်စဉ်တို့ကြောင့် ပူပြင်းခြောက်သွေ့မှု ပြင်းထန်စွာ ဖြစ်ပေါ်နိုင်ပါသည် (ပုံ-၁)။


အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်မည့် အခြေအနေခန့်မှန်းချက်

၂၀၁၅-၂၀၁၆ ခုနှစ် အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၁၄ ခုနှစ်တွင်စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကာ ၂၀၁၆ ခုနှစ်မေလတွင် အဆုံးသတ်ခဲ့ပါသည်။ စုစုပေါင်းကြာချိန် ၁၉ လရှိခဲ့ပြီး ယခင်ဖြစ်ပေါ်ခဲ့သော ၁၉၉၇-၁၉၉၈ ခုနှစ် အခြေအနေထက် ခြောက်လပိုမိုကြာရှည်ခဲ့ပြီး သမိုင်း တစ်လျှောက် အပြင်းထန်ဆုံး ဖြစ်စဉ်အဖြစ် စံချိန်တင်ခဲ့သည်။ ယခုနှစ် ၂၀၂၃-၂၀၂၄ တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် အောက်ပါ အဆင့်များအတိုင်း ဖြစ်ပေါ်ဖွယ်ရာ ရှိပါသည်။


(၁) ၂၀၂၃ ခုနှစ် မတ်လမှ ဩဂုတ်လအတွင်း အစပျိုးအဆင့်မှ အားကောင်းသောအဆင့်

အီကွေတာရပ်ဝန်း ပစိဖိတ်ဒေသတွင် မတ်လမှဩဂုတ်လအတွင်း စတင်အစပျိုး အားကောင်းလာလေ့ရှိပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက်ပို၍ မြင့်တက်လာသည်။


(၂) ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း အားအကောင်းဆုံးအဆင့်

ဤအဆင့်ကို နှစ်ကုန်ပိုင်း စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း တွေ့ရလေ့ရှိပြီး အီကွေတာရပ်ဝန်းပစိဖိတ်ဒေသတွင် ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် အမြင့်ဆုံးသို့ ရောက်ရှိလေ့ရှိသည်။


(၃) ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အကျိုးသက်ရောက်မှုအဆင့်

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အာရှပစိဖိတ်ဒေသအတွင်း အကျိုး သက်ရောက်မှုများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ပိုမိုသိသာစွာခံစားရမည်ဖြစ်ပါသည်။ သက်ရောက်မှု ကာလကြာချိန်နှင့် ပြင်းထန်မှုအခြေအနေမှာ ဒေသတစ်ခုနှင့်တစ်ခု ကွာခြားနိုင်ပါသည်။


အထူးသတိပြုရမည့်နိုင်ငံများ

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများအတွက် ဦးစားပေးစောင့်ကြည့်ရမည့် အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုပြင်းထန် နိုင်ဖွယ်ရှိသော နိုင်ငံများကိုဖော်ပြရာတွင်


(က) ၂၀၂၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ပူပြင်းခြောက်သွေ့ မှုဒဏ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အရှေ့တီမောနိုင်ငံ၊ မာရှယ်ကျွန်းစု၊ ဆာမိုအာနိုင်ငံ၊ ပလာအူနိုင်ငံ၊ တွန်ဂါနိုင်ငံ၊ ဗာနူအာတူ နိုင်ငံတို့က ခံစားရမည်ဖြစ်ပြီး စွတ်စိုသောရာသီဥတုအခြေအနေကို တူဗာလူနိုင်ငံနှင့် ခရီဘာတီနိုင်ငံတို့က ကြုံတွေ့ရနိုင်ပါသည်။

(ခ) ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ဖိလစ်ပိုင်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ပါပူအားနယူးဂီနီနိုင်ငံတို့တွင် ပူပြင်းခြောက်သွေ့မှု ဒဏ်ကိုခံရနိုင်ပြီး သီရိလင်္ကာနိုင်ငံတွင် မိုးများပြီး စိုစွတ်သော ရာသီဥတု ဖြစ်ပေါ်နိုင်ပါသည်။ ယခုထုတ်ပြန်ချက်တွင် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ခန့်မှန်းချက်များမှာ လဝေးခန့်မှန်းချက်များ ဖြစ်သောကြောင့် နိုင်ငံအလိုက် တရားဝင်မိုးလေဝသ ကြေညာချက်များကို စောင့်ကြည့်လေ့လာပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းမှ နှိုးဆော်ထားပါသည်။


အာရှနှင့်ပစိဖိတ်ဒေသအတွင်း ရာသီအလိုက် ဖြစ်ပေါ်နိုင်သည့် ပူပြင်းခြောက်သွေ့မှုနှင့် စိုစွတ်မှုအခြေအနေ ခန့်မှန်းချက်များ

(က)     ၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ

ယခုလက်ရှိကာလတွင် အင်ဒိုနီးရှားနှင့် အရှေ့တီမောနိုင်ငံများ၌ မိုးရွာသွန်းမှုအခြေအနေမှာ ရွာသွန်းမြဲအောက်ရောက်ရှိနေပြီး ခြောက်သွေ့ရာသီဖြစ်သည်ကိုလည်း တွေ့ရှိရပါသည်။ ပစိဖိတ်ကျွန်း နိုင်ငံများတွင် မိုးရွာသွန်းမှုမှာ အချို့ဒေသများ၌ ပုံမှန်အထက် ရွာသွန်းနိုင်ပြီး အချို့ဒေသများမှာ ပုံမှန်အောက်ရွာသွန်းဖွယ်ရာ တွေ့မြင်ရပါသည်။ ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်သည်ဟု ခန့်မှန်းရပါသည်။


(ခ) ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ

အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတောင်ပိုင်းတို့တွင် အပူချိန်မြင့်တက်မှု ပြင်းထန်နိုင်ပြီး ပါပူးအားနယူးဂီနီနိုင်ငံ၊ ဖီဂျီနှင့် ဗာနူအာတူနိုင်ငံများတွင် မိုးရွာသွန်းမှုလျော့နည်းမည့် အလားအလာ ရှိပါသည်။ အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများတွင် ပုံမှန်ရွာသွန်းမြဲထက် မိုးပိုမိုရရှိနိုင်ပါသည်။


ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ အယ်လ်နီညိုနှင့် အာရှပစိဖိတ်ဒေသ စိုက်ပျိုးရေးအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ ခန့်မှန်းချက်ကို ပူးတွဲပါဇယားအတိုင်း ထုတ်ပြန်ထားပါသည်။


အယ်လ်နီညို၏ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်တွင် အကျိုးသက်ရောက်နိုင်မှု

ကမ္ဘာ့စပါးထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းနှင့် ဆန်တင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းရှိသည့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၌ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့ရသော နှစ်များတွင် မိုးရွာသွန်းမှုနည်းပါးပြီး စပါးအထွက်နှုန်း ၄ မှ ၁၁ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်အားကောင်းလာသော အယ်လ်နီညိုဖြစ်စဉ်၏ ပူပြင်းခြောက်သွေ့မှုဒဏ်ကြောင့် အရှေ့တောင်အာရှဒေသတွင်း စပါးထုတ်လုပ်မှု လျော့ကျနိုင်ဖွယ်ရှိပြီး ဆန်ဈေးနှုန်းတက်နိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် ဒေသတွင်းစားသုံးသူ များအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု နောက်ဆုံးထုတ် စားနပ်ရိက္ခာ ဖူလုံမှုအစီရင်ခံစာတွင် ဖော်ပြထားပါသည်။


၂၀၂၃ ခုနှစ်တွင်ပြုလုပ်ခဲ့သော သုတေသနအရ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့ပျမ်းမျှစပါးအထွက်နှုန်းမှာ ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး စပါးစိုက်ပျိုးရိတ်သိမ်းမှုဧရိယာ၏ ၁၃ ဒသမ ၄ ရာခိုင်နှုန်းလည်း ထိခိုက်ပျက်စီးနိုင်သည်ဟု ခန့်မှန်းရပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့က ပိုမိုပြင်းထန်စွာ ခံစားရနိုင်သည်ဟု သုတေသနကဖော်ပြထားပါသည်။ ထို့အတူ ဂျုံနှင့်ပြောင်းဖူးစိုက်ဧရိယာများ၏ ၁၂ ရာခိုင်နှုန်းခန့်မှာ ဆိုးကျိုးခံစားရနိုင်ပြီး ပဲပုပ်စိုက်ဧရိယာမှာ ၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်နိုင်သည့် အပြင် ကမ္ဘာ့ပျမ်းမျှ ဂျုံနှင့်ပြောင်းအထွက်နှုန်းမှာ ၁ ဒသမ ၃၂ နှင့် ၀ ဒသမ ၃၇ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ပဲပုပ်အထွက်နှုန်းမှာ ၁ ဒသမ ၉ ရာခိုင်နှုန်းတိုးနိုင်သည်ဟု သုံးသပ်ထားပါသည်။ အာဂျင်တီးနားနှင့် အမေရိကန်နိုင်ငံတို့တွင် ရွာသွန်းမြဲမိုးရေချိန်ထက် ပိုမိုရရှိနိုင်သောကြောင့် သီးနှံထုတ်လုပ်မှု ကောင်းမွန်ပြီး ပဲပုပ်၊ ဂျုံနှင့် ပြောင်းအထွက်နှုန်း တိုးနိုင်သည်ဟု မျှော်လင့်ရပါသည်။     


ဩစတြေးလျ၊ ဘရာဇီး၊ အိန္ဒိယနှင့် အရှေ့တောင်အာရှဒေသ များတွင်လည်း အယ်လ်နီညိုဖြစ်စဉ်နှင့်အတူ ပူပြင်းခြောက်သွေ့သော ရာသီဥတုနှင့် ကြုံတွေ့နိုင်သောကြောင့် နှံစားသီးနှံနှင့် ဆီထွက်သီးနှံ များ ဖြစ်ထွန်းအောင်မြင်နိုင်ခြေနည်းပြီး အထွက်နှုန်းလျော့နည်းဖွယ် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု၏ ၈၅ ရာခိုင်နှုန်းရှိသော အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် အယ်လ်နီညို၏ သက်ရောက်မှုများကြောင့် မိုးရွာသွန်းမှုလျော့နည်းနိုင်ပြီး မလေးရှားနိုင်ငံ၏ ဆီအုန်းထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်သည်ဟု စိုက်ပျိုးရေး ဈေးကွက်သတင်းများက ဖော်ပြထားပါသည်။ ယခင်နှစ် ၂၀၂၂ တွင် ပြည်ပဈေးကွက်များသို့ ပို့ကုန်တင်ပို့မှု ကန့်သတ်ချက်များကြောင့် စိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ရသကဲ့သို့ ယခု ၂၀၂၃ ခုနှစ်တွင်လည်း စားသောက်ကုန်ဈေးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်နိုင်ပြီး စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုဆိုင်ရာကန့်သတ်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု သုတေသီများက သုံးသပ်ထားကြပါသည်။          


ကြိုတင်လက်ဦးမှုရယူဆောင်ရွက်သင့်သည့် အချက်များ

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ စံနှုန်းသတ်မှတ် ချက်များအရ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သော မိုးခေါင်မှု၊ ရေကြီးမှုစသည့် သဘာဝဘေးအန္တရာယ်များကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ခံစားရမှုများကို လျော့ပါးသက်သာစေရန်နှင့် ပြည်သူများအား ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင် သင့်သည့်အချက်များမှာ-


(၁) မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းပြဿနာများအတွက်စိုက်ပျိုးရာသီမတိုင်မီ လယ်ယာသုံးစက်ကိရိယာများ၊ မျိုးစေ့များ၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ရေငတ်ဒဏ်ခံသီးနှံမျိုးစေ့များကို ကြိုတင်ဖြန့်ဝေခြင်း၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဆေးဝါးအထောက်အပံ့များနှင့် အစားအစာရိက္ခာများ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရေ အလုံအလောက်ရရှိနိုင်ရန် ရေတွင်းရေကန်များနှင့် ဆည်များတွင် ရေသိုလှောင်ခြင်း၊ ရေငွေ့ပျံမှုနည်းစေရန် အဖုံးပိတ်ခြင်း၊ တောင်သူများအား မိုးရေစုဆောင်းခြင်းနည်းစနစ်များ၊ ရေချွေတာသုံးစွဲသည့် နည်းလမ်းများအသုံးပြုနိုင်ရန် အကူအညီပေးခြင်း၊ ဒေသနှင့်ကိုက်ညီ သော သီးနှံပုံစံ၊ သီးနှံမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ရာသီဥတု အပြင်းထန်ဆုံး အချိန်နှင့် သီးနှံများ၏ ခံနိုင်ရည်မဲ့သောအဆင့်ကို ရှောင်လွှဲရန် စိုက်ချိန်ကိုထိန်းညှိခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ လေလွင့်ဆုံးရှုံးမှုနည်းစေမည့်နည်းလမ်းများနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများကို စိုက်ပျိုးသူများ ထိရောက်စွာအသုံးချနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ သက်လျင်သီးနှံများ စိုက်ပျိုးခြင်း၊ ရေသွင်း ကိရိယာများ ဖြန့်ဝေပေးခြင်း၊ မြေဆီလွှာအစိုဓာတ် ထိန်းသိမ်းနိုင်ပြီး ရေငွေ့ပျံမှုကိုလျှော့ချနိုင်မည့် မြေလွှာဖုံးနည်းစနစ်များ၊ သဘာဝမြေဆွေးများ အသုံးပြုခြင်းတို့ ဆောင်ရွက်ရပါမည်။


(၂) မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ ရေလွှမ်းခြင်းပြဿနာများအတွက် လယ်ယာသုံးစက်ကိရိယာများ၊ မျိုးစေ့များ၊ စိုက်ပျိုးရေး သွင်းအားစုများလုံခြုံစွာ သိမ်းဆည်းနိုင်ရန် ရေလုံသိုလှောင်ပစ္စည်း များဖြန့်ဝေခြင်း၊ တိရစ္ဆာန်များ ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းထားနိုင်ရန် နေရာများစီစဉ်ထားခြင်း၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာကာကွယ်ဆေးများ၊ ဆေးဝါးအထောက်အပံ့များနှင့် အစားအစာရိက္ခာများ ဖြန့်ဝေပေးခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ရေကြီးမှုနှင့် ဆိုင်ကလုန်းမုန်တိုင်း မဖြစ်ပွားမီ ကြိုတင်ခန့်မှန်းချက်များ ထုတ်ပြန်သည်နှင့် တစ်ပြိုင်တည်း သီးနှံများအချိန်မီ ရိတ်သိမ်းနိုင်ရေးနှင့် အမိုးအကာအောက် လုံခြုံစွာသိမ်းဆည်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။


(၃) သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရန် အရေးကြီးလုပ်ငန်းစဉ်များမှာ ကြိုတင်သတိပေးချက်များ ထုတ်ပြန် ခြင်း၊ ရာသီဥတုဆိုင်ရာသတိပေးချက်များနှင့် သတင်းအချက်အလက် များကို ပြည်သူများ လက်လှမ်းမီသိရှိနိုင်ရန် ဆောင်ရွက်ခြင်း၊ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ လူထုပူးပေါင်းပါဝင်သော သဘာဝဘေးတုံ့ပြန်ရေး၊ ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စနစ်တကျစီမံခန့်ခွဲ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆောင်ရွက်မှုနှင့် အဆင်သင့်ဖြစ်စေမှုတို့ကို လက်ဦးမှုရယူ ဆောင်ရွက်နိုင်ခြင်းတို့လည်း လိုအပ်ပါသည်။


နိဂုံး

စိုက်ပျိုးရေးကဏ္ဍတွင် အယ်လ်နီညို၏ သက်ရောက်မှုများမှာ ဆက်စပ်လုပ်ကိုင်နေသော ကွင်းဆက်တစ်လျှောက်လုံးရှိ လုပ်ငန်းများသာမက နိုင်ငံသားများ၏ လူမှုစီးပွားဘဝများနှင့်ပါ သက်ဆိုင်နေပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် နှစ်ဦးမှစ၍ အပူချိန်မြင့်တက်ခြင်း၊ မုတ်သုံဝင်ရောက်မှုနောက်ကျခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ မိုးဦးကာလမိုးရရှိမှုနည်းခြင်း စသည့်လက္ခဏာများ ကြုံတွေ့နေရပြီးဖြစ်သည်။ မိုးနှောင်းပိုင်းနှင့် နွေရာသီကာလများတွင် ရေခန်းခြောက်ခြင်း၊ အပူချိန်မြင့်ခြင်း၊ ခြောက်သွေ့ခြင်းတို့ကြောင့် မိုးနှောင်းသီးနှံများနှင့် နွေစပါးစိုက်ပျိုးမှုတို့တွင် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်နှင့် နောက်ဆက်တွဲ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေးပြဿနာများကို လျော့ပါးစေရန် ဝိုင်းဝန်းကြိုးပမ်း ကြိုတင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)