မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်






MNP ၊  စက်တင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ တရားသူကြီးချုပ်  ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ် ထိန်းသိမ်း၍ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းနိုင်ရန်ဖြစ်သကဲ့သို့ အနုပညာအမွေ အနှစ်များကို အမျိုးသားရေးစရိုက်လက္ခဏာတစ်ရပ်အနေဖြင့် မပျောက်ပျက်စေရန်ဖော်ထုတ် မြှင့်တင်သည့်အခါတွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် တစ်ထောင့်တစ်နေရာမှ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် သီဆိုတီးမှုတ်၊ ကခုန်ခြင်းအနုပညာသည် ရှေးနှစ်ပေါင်း (၁၅၀၀)ကျော်ခန့်ကပင် ထွန်းကားခဲ့ပြီး ပျုခေတ်နောက်ပိုင်း ပုဂံခေတ်နံရံဆေးရေးပန်းချီများ၊ စဉ့်ကွင်းရုပ်စုံများ၊ ကျောက်စာများတွင် အထောက်အထားများဖြင့် တွေ့ရှိရဖြစ်သကဲ့သို့ မြန်မာ့သမိုင်းခေတ် အဆက်ဆက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့မှုကြောင့် ယခုပစ္စုပ္ပန်ကာလအထိ တည်မြဲခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းလူမျိုးတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ဟန်ဖြင့် အဆို၊ အက၊ ဂီတပညာများ ပိုင်ဆိုင်ထားကြပြီး ယင်းပညာရပ်များကို ပညာရှင်များ၊ ဝါသနာရှင်များက ထိန်းသိမ်းကြသကဲ့သို့ အများပြည်သူတို့ကလည်း လူမျိုး၏ ဝိသေသလက္ခဏာရပ်များအဖြစ် အလေးအနက်တန်ဖိုးထားကြပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တယောများ ဝယ်ယူပြီး အခြေခံပညာကျောင်းများတွင် တယောသင်တန်းများ ဖွင့်လှစ်ကာ ကျောင်းသား/သူများ သင်ကြားတက်မြောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၂၃ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းပြီး တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ပညာရှင်များ၊ ဝါသနာရှင်များ ပေါ်ထွန်းလာစေရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ၂၀၂၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ တရားသူကြီးချုပ်  ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တေးသံရှင်၊ အဆိုရှင်များက ဆိုကရေးတီး ဂုဏ်ပြုအဖွင့်သီချင်း၊ အမျိုးသားရေးအတွက် သဘင်သီချင်းနှင့် ပဉ္စသိင်္ခတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးအဆင့် (၂၄)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စတင်ကျင်းပရာ ခရိုင်အသီးသီးမှ သက်(၁၀)နှစ်မှ(၁၅)နှစ် အထိ ပြိုင်ပွဲဝင် ကျောင်းသားများမှ အခြေခံပညာအဆင့် တယောအတီးဖြင့် ယှဉ်ပြိုင်ခြင်း၊  ကျောင်းသူများမှ အခြေခံပညာအဆင့် အမျိုးသမီးတစ်ဦးချင်းအကများဖြင့် စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မကွေးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမရှိ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အရေးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။  


အဆိုပါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို (၂၅.၉.၂၀၂၃)ရက်နေ့မှ (၂၉.၉.၂၀၂၃)ရက်နေ့အထိ  ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မဟာဂီတ အခြေခံပညာ/အဆင့်မြင့်ပညာနှင့် ဝါသနာရှင် အဆိုပြိုင်ပွဲ၊ ခေတ်ဟောင်း-ကာလပေါ် အခြေခံပညာ/အဆင့်မြင့်ပညာနှင့် ဝါသနာရှင် အဆို ပြိုင်ပွဲ၊ အမျိုးဂုဏ်/ဇာတိဂုဏ် အဆင့်မြင့်ပညာ/ဝါသနာရှင် အဆိုပြိုင်ပွဲများ၊  အသက်(၁၀) နှစ်မှ (၁၅)နှစ်အထိ အခြေခံပညာအကပြိုင်ပွဲ၊ အဆင့်မြင့်ပညာအကပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲတွင် အဆင့်မြင့်ပညာ/အခြေခံပညာနှင့် ဝါသနာရှင်ပြိုင်ပွဲများ၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ တယောအတီးပြိုင်ပွဲ၊ မယ်ဒလင်ဝါသနာရှင်ပြိုင်ပွဲ၊ နှဲဝါသနာရှင်ပြိုင်ပွဲ၊ အခြေခံပညာ ပတ္တလားအတီးပြိုင်ပွဲ၊ အခြေခံပညာ/ဝါသနာရှင် စန္ဒယားအတီးပြိုင်ပွဲ၊ အခြေခံပညာဆိုင်းတစ်ဦးချင်းပြိုင်ပွဲ/ အဖွဲ့လိုက်ပြိုင်ပွဲ၊ ကွက်စိပ်ဝါသနာရှင်ပြိုင်ပွဲ၊ အိုးစည်အခြေခံပညာ/ဝါသနာရှင် အတီးပြိုင်ပွဲ၊ ဒိုးပတ် အခြေခံပညာ/ဝါသနာရှင်အတီးပြိုင်ပွဲတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


ကိုစည်သူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)