MNP ၊ စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆပ်ကော်မတီ၏ စီစဥ်ညွှန်ကြားမှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးတို့အတွက် သက်ဆိုင်ရာကော်မတီအသီးသီးမှ ဒေသအဖွဲ့အစည်းအသီးသီးနှင့် ပေါင်းစပ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အခမ်းအနား တက်ရောက်လာကြသူများအနေဖြင့် ကလေးသူငယ်များ ပညာသင်ခွင့်ရရှိရေး၊ ဗဟုသုတပြည့်ဝရေး၊ ကလေးသူငယ်ဥပဒေပါ အခွင့်အရေးများအားလုံး ကလေးသူငယ်တိုင်းအပြည့်အဝရရှိရေး၊ ကလေးသူငယ်များရဲ့ အနာဂတ်ဘဝပြည့်စုံစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ကလေးသူငယ်အပေါ်အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ၊ ကလေးသူငယ်ကိုရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ်ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်းနှင့် တရားခံလွှဲပြောင်းပေးခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့်စပ်လျဥ်း၍ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောသည်။
ယင်းနောက် အသိပညာပေးဟောပြောပွဲ တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းရာ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက ပြန်လည်ဆွေးနွေးရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။
လှမိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment