MNP ၊ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က လူငယ်များဟာ နိုင်ငံရဲ့အနာဂတ် ဖြစ်သည့်အတွက် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ အမိနိုင်ငံတော်ကိုကမ္ဘာအလယ်မှာ ဝင့်ထည်စွာ ရပ်တည်နိုင်အောင် ကြိုးစားသွား ရမှာဖြစ်သည့်အတွက် လူ့လောကတွင် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ အရေးကြီးကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့် တင်ပေးရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့် တစ်ဦးရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့ အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့နှင့် ကလိန်အောင်မြို့အခြေခံပညာ အထက်တန်းကျောင်း Grade-11မှ ကျောင်းသား၊ကျောင်းသူများဖြစ်ကြသော မောင်လင်းသူရဖြိုးနှင့်မသွန်းရွှေစင်တို့က "လူငယ်နှင့်စာပေ" ခေါင်းစဉ်ကိုလည်းကောင်း၊ မောင် အောင်မင်းခန့်ဦးနှင့် မဝင့်ဝါဦးတို့က "လူငယ်နှင့် နည်းပညာ"ခေါင်းစဉ်ကိုလည်းကောင်း၊ မောင်မျိုးမင်းထိုက်နှင့် မနှင်းရွှေရည်တို့က "လူငယ်နှင့် စာရိတ္တ"ခေါင်းစဉ်ကို လည်းကောင်း၊ Grade-10 မှ မောင်သူရိန်စိုးနှင့်မအိရွှေစင်ဝင်းတို့က "လူငယ်နှင့် အားကစား" ခေါင်းစဉ်ကို လည်းကောင်း၊ မောင်ချမ်းပြည့်အောင်နှင့်မသူဇာဘုဏ်းမြင့်တို့က "လူငယ်နှင့်ကျန်းမာရေး" စသည့် ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသောကျောင်းသား/သူများက သိရှိလိုသည့်များကိုအပြန်အလှန် မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများကဖြည့်စွက်ပြောကြားပေးခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး နံရံစာစောင်များပြပေးခဲ့ရာ လိန်အောင်မြို့အခြေခံ ပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၃၅၀)ဦးခန့် စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြောင်း သိရသည်။
ခင်ခင်လဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment