MNP ၊ စက်တင်ဘာ ၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်ကြောင်း၊ နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်ပညာ၊ အသိပညာပြည့်ဝသည့် လူငယ်များလိုအပ်ကြောင်း၊ နိုင်ငံတော်က ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်တွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ “လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ် များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် ဦးတည်ချက်နှစ်ရပ် ပါဝင်ကြောင်း၊ ထို့ကြောင့် လူငယ်များသည် ငယ်စဉ်အခါပညာရှာရာတွင် အတန်းအောင် စာတတ်ရုံသာမက တစ်ဦးချင်းစီ၏ ပင်ကိုယ်အရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများ ပြည့်ဝအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာပြည့်ဝရုံသာမက ကျန်းမာသန်စွမ်းကြရန်၊ အကျင့်စာရိတ္တကောင်းမွန်ကြရန်၊ မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းဆက်ဆံတတ်ရန် စသော အရည်အချင်းများလည်း ပြည့်ဝဖို့လိုကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရမည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် ကြိုးစားသင်ယူ လေ့လာကျင့်ကြံသွားကြစေလိုကြောင်း၊ ပညာပြည့်စုံပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော လူငယ်များဖြစ်အောင် မိဘ၊ ဆရာ၊ ဆရာမများက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမြင့်က လက်ခံရယူသည်။
ယင်းနောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် “လူငယ်နှင့်ပညာရေး”ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြောသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဗဟုသုတရရှိစေရန် "လှပသာယာပြည်မြန်မာ" ရောင်စုံဓာတ်ပုံပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)က ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မြှားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း စသည့် ပျော်ရွှင်ဖွယ် Game များ ကစား၍ အနိုင်ရရှိသူအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့်(ဧရာဝတီ)မိသားစုက လှူဒါန်းသော ဘောလ်ပင်နှင့် စာအုပ်များ အသီးသီးချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်
#MyanmarNationalPost
No comments:
Post a Comment