နေပြည်တော် ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရာသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရာသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေး








MNP ၊ စက်တင်ဘာ ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး “ရွှေမိုး၊ ငွေမိုးသီချင်း၊ ရွှေညာသူ ရွှေညာသား” သီချင်းများဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။


ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာ ပြည့်ဝရန် လိုအပ်ကြောင်း၊ နောင်တစ်ချိန်တွင် နိုငငံ့တာဝန်ကို ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ငယ်ရွယ်စဉ် ပညာသင်ယူစဉ်ကာလကတည်းက အခြေခံကောင်းများရှိမှသာ မိမိဘဝ၊ မိသားစုနှင့် ပတ်ဝန်းကျင်အပါအဝင် နိုင်ငံတော်အတွက် ကောင်းကျိုးပြုနိုင်ကြမည်ဖြစ်ကြောင်း၊ အတတ်ပညာ အသိပညာပြည့်စုံပြီး ကျန်းမာကြံ့ခိုင်သော စိတ်ဓာတ်ကောင်းမွန်သော လူငယ်များဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ မိဘများနှင့် ဆရာ ဆရာမများ၏ သွန်သင်ဆုံးမမှုအောက်တွင် သားသမီးဝတ်၊ တပည့်ဝတ်များနှင့်အညီ ပညာကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်စကားနှင့် ကျောင်းများ၏ ဆောင်ပုဒ်ဖြစ်သည့် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုသည့်အတိုင်း စိတ်ဓာတ်နှင့်စည်းကမ်း ကောင်းပြီး နိုင်ငံတော်ကအားထားရမည့် သားကောင်းရတနာများ၊ ဗလငါးတန်ပြည့်ဝပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်အောင် ကြိုးစားကြရန်နှင့် မိဘ၊ ဆရာ၊ ဆရာမများကလည်း ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြပါရန် တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုက လက်ခံရယူသည်။ ၎င်းနောက် “ဇာတိမာန်သီချင်း၊ ရွှေမိုး ငွေမိုးသီချင်း၊ ရွှေညာသူ ရွှေညာသား”သီချင်းများဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် စာရေးဆရာ ရဲမွန်ကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြောခဲ့သည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။


ထို့နောက် ခန်းမအပြင်ဘက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဗဟုသုတရရှိစေရန် "လှပသာယာပြည်မြန်မာ" ရောင်စုံဓာတ်ပုံ ပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး‌ရေးနှင့်ပတ်သက်သည့် အသိပညာပေးစာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)က ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်း‌လျှောက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း စသည့် ပျော်ရွှင်ဖွယ် ဂိမ်းများကစား၍ အနိုင်ရရှိသူအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့် (ဧရာဝတီ) မိသားစုက လှူဒါန်းသော စာရေးကိရိယာနှင့် မုန့်ပဲသရေစာများ အသီးသီးချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


ရွှေပင်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)