ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်နေ ပြည်သူများအတွက် သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်နေ ပြည်သူများအတွက် သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး






MNP ၊ စက်တင်ဘာ ၂၃

ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် မြစ်ကြီးနားမြို့ အပါ အဝင်ခရိုင်မြို့ကြီးများအားလုံးတွင် အခွန်လွတ်ဈေး၊ သက်သာဈေးများဖွင့်လှစ်၍  ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့၊ ပမ္မတီးရပ်ကွက်ဈေး၌ အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က  သက်သာဈေးတွင် စည်ပင်သာယာရေးအဖွဲ့မှ ကြက်၊ ဝက်၊ အမဲ၊ ငါးများ ရောင်းချပေးနေမှု၊ ပြည်နယ်ဆန်ကုန်သည်ကြီးများ အသင်းမှ  မှော်ဘီဆန်ရောင်းချပေးနေမှု၊ ကချင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီရောင်းချပေးနေမှု၊ ဌာနဆိုင်ရာများ၊ သမဝါယမအစုအဖွဲ့များ၊ ကိုယ်တိုင်စိုက်ပျိုး ရေးထုတ်လုပ်သူများက ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား ပြည်သူများ စနစ်တကျ စီတန်းဝယ်ယူနေမှုတို့ကို ရင်းရင်းနှီးနှီးလိုက်လံအားပေးနှုတ်ဆက်ခဲ့ကြပြီး ဝယ်ယူရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို မေးမြန်းဖြေရှင်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ အဆင်ပြေလွယ်ကူစွာ  ဝယ်ယူနိုင် ရေး စီမံဆောင်ရွက်ပေးသွားရန်၊ စားသုံးဆီများအား ရပ်ကွက်နေ ပြည်သူအားလုံးဝယ်ယူရရှိနိုင်ရေး စနစ်တကျရောင်းချပေးရန်၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါးများအား စားသုံးသူအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ပြီးမှ ရောင်းချသွားနိုင်ရေး၊  ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါရပ်ကွက်ရှိ မြစ်ကြီးနားမြို့ အဝင်မုခ်ဦး၊ လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များကောက်ယူ သိမ်းဆည်းခြင်း၊ မြတ်ရိတ်ခြင်း၊  သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့အား မြို့နယ်စည်ပင် သာယာ‌ရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့အဝင် လမ်းမကြီးဖြစ်သည့်အတွက် အလှပန်းပင်များဖြင့် ဝေဆာလှပနေစေရေးနှင့် စဉ်ဆက်မပြတ် သန့်ရှင်းသပ်ရပ်နေစေရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌  ပြည်နယ်အတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေး အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေးနိုင်ရေးလုပ်ငန်းအ‌ဖွဲ့ဝင်များနှင့် Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချူပ်က ပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက် ကုန်များအားရောင်းချရာတွင် လူတိုင်းစေ့ဝယ်ယူရရှိနိုင်ရေး အားသာချက်၊ အားနည်းချက်များအပေါ်  သုံးသပ်၍ ပိုမိုကောင်းမွန်သော၊ အကျိုးရှိထိရောက်စေသော စီမံချက်များ ဖြင့် စနစ်တကျရောင်းချပေး‌နိုင်ရေး ၊ စားသုံးဆီများအား ရပ်ကွက်များအတွင်း တစ်ပတ်လျှင် (၄) ကြိမ် ထပ်တိုးရောင်းချ‌ပေးနိုင်ရန် စီမံဆောင်ရွက်သွား‌ရေးနှင့်  မြို့တော်မြစ်ကြီးနားမြို့အား အမှိုက်များ ကင်းစင်ကာသန့်ရှင်းသာယာလှပရေး၊  ပန်းမြို့တော်အဖြစ်  လူစည်ကားရာနေရာများ၊ မြို့တွင်း အဓိကလမ်းမများတွင် အမှိုက်ကင်းစင်ရေး၊ အရိပ်ရပင်များ၊ ပန်းအလှပင်များဖြင့် ဝေဆာလှပရေးအတွက်  စီမံချက်အတိုင်း ကြိုပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက စားသုံးဆီများအား လုံလောက်စွာ ဝယ်ယူရရှိရေးအတွက် ဆီပေပါများအား ရပ်ကွက်အလိုက် ဈေးဆိုင်ခန်းများတွင် ဖြန့်ဖြူးရောင်းချ ပေးသွားမည့်အစီအစဉ်များအားလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မြို့သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား လည်းကောင်း တင်ပြဆွေးနွေးကြပြီး  စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ပန်းမြို့‌တော် အကောင် အထည်ဖော်ရေး စီမံချက်လုပ်ငန်းများအတွက် အမှိုက်သိမ်းယာဉ်များနှင့် လိုအပ်သည်များ ထပ်တိုး ဆောင်ရွက်သွားမည့်အခြေအနေများအား အသီးသီးတင်ပြဆွေးနွေးကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း Kachin State Clean & Green Team၊ ပန်းချစ်သူများအသင်း၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအချင်းချင်း ပေါင်းစပ်ဆောင်ရွက်‌ရေးနှင့် လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မန်ခိန်နှင့်စက်မှုရပ်ကွက် ဗလမင်းထင် သွားလမ်းမတစ်လျှောက် လမ်းဘေးဝဲယာများတွင် မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး ရာသီအလိုက် အလှပန်းပင်များ ဖြင့်  ပန်းမြို့တော်ဖြစ်လာစေရေး စိုက်ပျိုးထားရှိသည့် အလှပန်းပင်များနှင့် အရိပ်ရပင်များ စိုက်ပျိုး ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးကာ အဆိုပါလမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူသိမ်းဆည်းခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ မိုးစပါး စံပြစိုက်ကွက်အတွင်း ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်း (ပင်မမြောင်း)တွင်  တောင်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက် စိုက်ထည့်မွေးမြူပေးထားသည့် ငါးသားပေါက်များအား ငါးအစာတောင့်များကျွေးမွေးခဲ့ကြကာ အဆိုပါမြောင်းမကြီး ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များ ရှင်းလင်းခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)