MNP ၊ စက်တင်ဘာ ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ မရှိတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ မရှိတို့ကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ဟင်္သာတခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment