MNP ၊ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်အတွင်း တာဝန်ယူမှုတာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပေါ်ပေါက်လာရေးအတွက် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ပြုလုပ်သည့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်၍ မိမိတို့ ပြည်နယ်သည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ကုန်သွယ်မှုအားကောင်းသောဒေသဖြစ်ကာ နိုင်ငံခြားငွေ သုံးစွဲမှုလျော့နည်းစေရန်အတွက် သွင်းကုန်အစားထိုးထုတ်ကုန်များထုတ်လုပ်နိုင်မည့် စက်မှုလုပ်ငန်းများအား အားပေးမြှင့်တင်သွားရန်လိုကြောင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခုထွက်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး ပြည်နယ်အတွင်းတည်ရှိနိုင်ရေး ပံ့ပိုးပေးရန်လိုကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေး စသောမူဝါဒများနှင့်ကိုက်ညီသည့် လုပ်ငန်းများ၊ မရှိမဖြစ်အသုံးလိုသော လူသုံးကုန်ပစ္စည်းထုတ်လုပ်သောလုပ်ငန်းများအား ပံ့ပိုးပေးသွားရန်လိုကြောင်း၊ ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတို့၏လူနေမှုဘဝမြင့်မားရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ပေါက်လာရေးအတွက် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် UHM Development Co.,Ltd မှ အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်ခြင်း လုပ်ငန်းနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်းအတွက် အဆိုပြုတင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညီနောင်ဦးကုမ္ပဏီလီမိတက်မှ မြဝတီစီးပွားရေးဇုန်အတွက် တတိယအကြိမ်မြေငှားရမ်းခ ပေးသွင်းရန်အတွက် စာချုပ်ပြင်ဆင်ချုပ်ဆိုရန်ကိစ္စနှင့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရေးဆွဲတင်ပြရန်ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အလားတူ ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၇/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးအသိသတိရှိကြရန်၊ ရာထူးလုပ်ပိုင်ခွင့်နှင့် အာဏာအလွဲသုံးခြင်း မပြုလုပ်ကြရန်၊ မိမိလက်အောက်ရှိဝန်ထမ်းများ စည်းကမ်းတကျ နေထိုင်သွားလာတတ်စေရေး၊ သတင်းလုံခြုံရေး စာရွက်စာတမ်းလုံခြုံရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းရည်၊ အရည်အသွေးမြှင့်တင်ရေး စနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးရန်၊ စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ဆီထွက်သီးနှံများကို ယခုထက်ပိုမိုတိုးတက်စိုက်ပျိုးဆောင်ရွက်နိုင်ရေး အထွက်ကောင်းမျိုး၊ စိုက်ပျိုးရေနှင့်မြေဩဇာရရှိနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ဌာနများ၏ ကိန်းဂဏန်အချက်အလက်များ ဖောင်းပွမှုမရှိစေဘဲ မှန်ကန်တိကျမှုရှိစေရေးအလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က လယ်ယာမြေဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က သက်သာသောနှုန်းထားဖြင့် ဆန်၊ စားသုံးဆီ ရောင်းချပေးနေမှုအခြေအနေများကို တင်ပြဆွေးနွေးကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာအကြီးအကဲများက တင်ပြဆွေးနွေးချက်များ အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment