ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေးစက်ရုံနှင့် ရေလှောင်တမံ၏ လုံခြုံရေးကို အမြဲဂရုပြု ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာလုံခြုံ ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေးစက်ရုံနှင့် ရေလှောင်တမံ၏ လုံခြုံရေးကို အမြဲဂရုပြု ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာလုံခြုံ ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မှာကြား


MNP ၊ စက်တင်ဘာ ၁၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်း ရေထိန်းဆည်(Wier)တွင် Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ ရေသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေထိန်းဆည်သို့ရောက်ရှိပြီး ပေါင်းလောင်းရေထိန်းဆည်အတွင်း ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းလောင်းမြစ်ပေါ်ရှိ အဆင့်ဆင့်ရေအားလျှပ်စစ်စီမံကိန်းများမှ ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ပေါင်းလောင်းရေလှောင်တမံမှ ရေပိုလွှဲတွင် ဂိတ်တံခါးတပ်ဆင်၍ ရေထပ်မံစုဆောင်းနိုင်ပြီး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်လေးလုံးကို အလှည့်ကျပြင်ဆင်နိုင်ရေး စက်အရန်ပစ္စည်းများအား ဘဏ္ဍာနှစ်တစ်နှစ် ကြိုတင်လျာထား၍ ဝယ်ယူရေး ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ Switch Yard တွင် ဖီဒါအရန် ဓာတ်အားလိုင်းမရှိသဖြင့် ပြင်ဆင်နိုင်ရေး ဆောင်ရွက်ရပါက လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေးအတွက် ဖီဒါအရန်ဓာတ်အားလိုင်းတစ်လိုင်းထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံနှင့် ရေလှောင်တမံ၏ လုံခြုံရေးကို အမြဲဂရုပြု ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာလုံခြုံ ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်က ပေါင်းလောင်းတမံ ရေပိုလွှဲတွင် Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲတွင် ရေပိုမိုစုဆောင်းနိုင်ရန် ဂိတ်တံခါးတပ်ဆင်မည့်အခြေအနေနှင့် တမံ၏ကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)