ဆော်ဒီနှင့် ရုရှား နှစ်ကုန်အထိ ရေနံစိမ်း လျှော့ထုတ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆော်ဒီနှင့် ရုရှား နှစ်ကုန်အထိ ရေနံစိမ်း လျှော့ထုတ်မည်


MNP ၊ စက်တင်ဘာ ၆

ရေနံစိမ်း တင်ပို့မှု ကမ္ဘာ့အများဆုံးနိုင်ငံ ဖြစ်သည့် ဆော်ဒီအာရေဗျသည်  ယခုနှစ်ကုန်အထိ တစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း ၁ သန်း ထုတ်လုပ်မှုကို  မိမိဆန္ဒအလျောက် လျှော့ချလိုက်ကြောင်း နိုင်ငံပိုင် Saudi Press Agency က (စက်တင်ဘာ ၅)တွင် သတင်းထုတ်ပြန်သည်။

ရေနံစိမ်း ထုတ်လုပ်မှု လျှော့ချခြင်းကြောင့် ဆော်ဒီ၏ ရေနံစိမ်း ထုတ်လုပ်မှုသည် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် တစ်ရက်လျှင် စည် ၉ သန်းနီးပါး ထုတ်လုပ်ပေးမည်ဖြစ်ပြီး လစဉ် ပြန်လည်သုံးသပ်သွားမည် ဖြစ်သည်။

ဆော်ဒီသည် ဇူလိုင်လတွင် တစ်ရက်လျှင် စည်ပေါင်း ၁ သန်း လျှော့ချခြင်းကို ပထမဆုံးလအဖြစ် စတင်ခဲ့သည်။ ထို့နောက် တလတကြိမ် သက်တမ်း တလ တိုးခဲ့သည်။

၂၀၂၄ ခုနှစ် နှစ်ကုန်အထိ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ Organization of the Petroleum Exporting Countries OPEC မှ အဖွဲ့ဝင်အချို့က ချမှတ်ခဲ့သော မိမိဆန္ဒအလျောက် ရေနံစိမ်း လျှော့ထုတ်ကြသည့် ပမာဏ စုစုပေါင်း  တစ်ရက်လျှင် စည်ပေါင်း ၁.၆၆ သန်းတွင် ဆော်ဒီနှင့် ရုရှားတို့ လျှော့ချ ထုတ်လုပ်သည့် ပမာဏများ ထပ်တိုးသွားခြင်း ဖြစ်သည်။

ရေနံစိမ်း တင်ပို့မှု ကမ္ဘာ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည့် ရုရှားသည် OPEC နှင့် မဟာမိတ်နိုင်ငံများဖြစ်သည့် OPEC+ အဖွဲ့တွင် ပါဝင်ပြီး ၎င်းမဟာမိတ်နိုင်ငံများကို ဦးဆောင်နေသူ ဖြစ်သည်။

ရုရှားသည်  ရေနံစိမ်း တင်ပို့မှုကို  ဩဂုတ်လတွင် တစ်ရက်လျှင် စည်ပေါင်း ၅ သိန်း  မိမိဆန္ဒအလျောက် လျှော့ချခဲ့သည်။ ဆက်လက်၍ စက်တင်ဘာလတွင် ရေနံစိမ်း တင်ပို့မှုကို တစ်ရက်လျှင် စည်ပေါင်း ၃ သိန်း လျှော့ချသည်။

 ရုရှားလက်ထောက်ဝန်ကြီးချုပ် Alexander Novak က အင်္ဂါနေ့တွင်  တစ်နေ့လျှင် စည်ပေါင်း ၃ သိန်း တင်ပို့မှု လျှော့ချခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း ပြောကြားသည်။ လစဉ် ဆန်းစစ်သုံးသပ်သွားမည် ဖြစ်သည်။

 လျှော့ချမှုများသည် OPEC+ ၏ တရားဝင် သဘောတူညီချက် မူဝါဒ ပြင်ပတွင် ရှိနေသောကြောင့် မိမိဆန္ဒအလျောက် လျှော့ချခြင်းဟု ဖော်ပြကြသည်။


Ref - cnbc

#MyanmarNationalPost

No comments:

Post a Comment