အယ်နီညို အားအကောင်းဆုံး ဖြစ်ပေါ်နိုင်သော ကာလမှာ နွေရာသီကာလဖြစ်၍ မြန်မာနိုင်ငံ၏ အပူချိန်အမြင့်မားဆုံးကာလနှင့် တိုက်ဆိုင်နေသဖြင့် မြေပေါ်ရေကန်များ ဆောလျင်စွာခန်းခြောက်ခြင်း၊ မြေအောက်ရေမျက်နှာပြင် လျင်မြန်စွာနိမ့်ကျခြင်းတို့ ဖြစ်ပေါ်လာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အယ်နီညို အားအကောင်းဆုံး ဖြစ်ပေါ်နိုင်သော ကာလမှာ နွေရာသီကာလဖြစ်၍ မြန်မာနိုင်ငံ၏ အပူချိန်အမြင့်မားဆုံးကာလနှင့် တိုက်ဆိုင်နေသဖြင့် မြေပေါ်ရေကန်များ ဆောလျင်စွာခန်းခြောက်ခြင်း၊ မြေအောက်ရေမျက်နှာပြင် လျင်မြန်စွာနိမ့်ကျခြင်းတို့ ဖြစ်ပေါ်လာနိုင်


နေပြည်တော် စက်တင်ဘာ ၂၈

အယ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုများအပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှုကဏ္ဍ၏ ကြိုတင်စီမံဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေမှု လုပ်ငန်းစဉ်များအပေါ် သက်ရောက်မှု လျော့ပါးစေရန်၊ Flash Flood ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက ထိခိုက် မှု သက်သာစေရန်အတွက် ဒေသအလိုက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အယ်နီညိုအား အကောင်းဆုံး ဖြစ်ပေါ်နိုင်သော ကာလမှာ နွေရာသီကာလဖြစ်၍ မြန်မာနိုင်ငံ၏ အပူချိန်အမြင့်မား ဆုံးကာလနှင့် တိုက်ဆိုင်နေသဖြင့် မြေပေါ်ရေကန်များ ဆောလျင်စွာခန်းခြောက်ခြင်း၊ မြေအောက်ရေမျက်နှာပြင် လျင်မြန်စွာနိမ့်ကျခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း။

စိုက်ပျိုးရေများ ကြိုတင်သိုလှောင်ရေး၊ ရေကို အလဟဿမဖြစ်စေဘဲ အလေအလွင့်နည်းနည်းနှင့် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေရေး၊ အပူဒဏ်နှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်သည့် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ရေလိုအပ်ချက်နည်းပါးသည့် သီးနှံကို ပြောင်းလဲစိုက်ပျိုးခြင်း၊ ရာသီဥတု အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် သီးထပ်ပုံစံများ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံ၏ အနည်းဆုံးရေလိုအပ်ချက်ကိုသာ ထိထိရောက်ရောက် အသုံးပြုစိုက်ပျိုးခြင်း၊ ဒေသအလိုက်ရေသောက် ဧရိယာများအလိုက် စိုက်ပျိုးရေကို စနစ်တကျသုံးစွဲရန် သင့်တော် ထိရောက်သည့် ရေပေးဝေမှုစနစ်၊ ရေရယူအသုံးပြုမှုစနစ်များကို ရေ အသုံးပြုသူတောင်သူများ၊ ရေပေး ဝေသူများနှင့် စိုက်ပျိုးရေးပညာ ရှင်များအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာ့ဒေသအသီးသီး၌ အယ်နီညိုဖြစ်စဉ်၏ အကျိုးဆက်များ စတင်သက်ရောက်လျက်ရှိပြီး ပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ်နှောင်းပိုင်းတွင် အယ်နီညို၏ အကျိုးသက်ရောက်မှု ပိုမိုသိသာလာမည် ဖြစ်သောကြောင့် အရှေ့တောင် အာရှနိုင်ငံများနှင့် ဒေသအချို့တွင် ပုံမှန်မဟုတ်သော ရာသီဥတုမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အယ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ အပေါ်တွင် အထူးအလေးထား စောင့်ကြည့်လျက်ရှိပြီး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ အယ်နီညိုရာသီ ဥတုအခြေအနေတွင် မိုးရွာသွန်းရက် လျော့နည်းတိုတောင်းခြင်း၊ ဆောင်းကာလ အအေးဓာတ်လျော့နည်းခြင်း၊ နွေရာသီတွင် ပို၍ပူပြင်းခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်ပြီး အယ်နီညိုအားကောင်းပါက အပူလွန်ကဲခြင်း၊ အပူလှိုင်း ဖြတ်ခြင်းတို့အပြင် သာမန်ထက် ပို၍ ရှည်ကြာမည့်နွေကာလကို ဖြတ်သန်းရနိုင်သည်။ လက်ရှိ ကာလတွင် အယ်နီညိုဖြစ်စဉ်အား စောင့်ကြည့်နေရခြင်းဖြစ်၍ အားကောင်းလာပါက အပူချိန်မြင့် တက်မှုကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေးရေ ရှားပါးခြင်းများ ကြုံတွေ့နိုင်မှုကို အောင်မြင်စွာကျော်ဖြတ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ဆည်ရေကဏ္ဍတာဝန်ရှိသူ ဒုတိယ ဝန်ကြီးများဦးဆောင်၍ သီးနှံစိုက်ပျိုးမှုနှင့် သားငါးထုတ်လုပ်မှု များ လျော့ကျမှု မရှိစေရေး၊ ဆည်ရေလှောင်တမံများ၏ လက်ရှိ ရေခန့်မှန်းဝင်ရေအပေါ်မူတည်၍ စိုက်ပျိုးဧက မလျော့နည်းစေရေး၊ သောက်သုံးရေ လုံလောက်စွာပေးဝေနိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအပါအဝင် ဆက်စပ်ဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)