ပဲခူးခရိုင်အတွင်း ပဲခူးတိုင်းဒေသကြီး၏ အဓိကသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးခရိုင်အတွင်း ပဲခူးတိုင်းဒေသကြီး၏ အဓိကသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊  စက်တင်ဘာ  ၃၀

ပဲခူးခရိုင်အတွင်း ပဲခူးတိုင်းဒေသကြီး၏ အဓိကသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပဲခူးခရိုင် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က နိုင်ငံတော်မှ အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရည်မှန်းဆောင်ရွက်လျှက်ရှိရာ ယခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၌ အဓိကသီးနှံ (၅)မျိုးဖြစ်သော (မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဝါနှင့် ကြံ)သီးနှံများ ပန်းတိုင်ရည်မှန်းချက် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ပဲခူးခရိုင်တွင် (မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲ) သီးနှံ(၃)မျိုးကို အကောင်အထည်ဖော် စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ ပဲတီစိမ်းသီးနှံသည် မိမိတို့ခရိုင်ချုပ်တွင် ပန်းတိုင်အထွက်နှုန်း ရရှိပြီးဖြစ်ပြီး မြေပဲသီးနှံသည်လည်း ပန်းတိုင်အထွက်နှုန်း နီးကပ်စွာထွက်ရှိနေပြီဖြစ်ပါကြောင်း၊  မတ်ပဲသီးနှံ တစ်မျိုးသာ အထူးကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော်စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရေး၊ စိုက်ချိန်နောက်မကျစေရေး၊ မြေပြုပြင်ရာတွင် စနစ်တကျပြုပြင်ပြီး သွင်းအားစုများထည့်သွင်းအသုံးပြုစေရေး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့သည်။


ထို့နောက် ပဲခူးခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များမှ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲမျိုးကောင်းမျိုးသန့်များ စုဆောင်းပြီးစီးမှုနှင့် ဆက်လက် စုဆောင်းမည့်အစီအစဉ်များ၊ စိုက်ချိန်နှင့် စိုက်စနစ်မှန်ကန်ရေး ဆောင်ရွက်မည့်အစီအစဉ်များ၊ နေကြာနှင့် နွေစပါး စိုက်ပျိုးမည့် အစီအစဉ်များ၊ နွေစပါး ရေပေးဝေရေ ဆောင်ရွက်မည့်အစီအမံများကို အသေးစိတ်ဆွေးနွေး ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် မြို့နယ်(၄)မြို့နယ်မှ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များက မိမိတို့မြို့နယ်အလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြကြရာ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)