MNP ၊ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စားနှင့် အကြီးစား MSME လုပ်ငန်းများအတွက် ငွေကျပ်သန်း ၈၀၀ ကျော် ထုတ်ချေးပေးထားကြောင်း မင်းဘူးခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် စလင်းမြို့နယ်၌ စိုက်ပျိုးရေးနှင့် မြေအောက်ရေ ရရှိရေးကဏ္ဍတွင် တောင်သူပေါင်း ၄၁၀ ဦး၊ မွေးမြူရေးကဏ္ဍတွင် ငါးမွေးမြူရေးလုပ်ကိုင်သူ ၇ ဦး၊ နွား၊ ဆိတ်၊ ကြက်၊ ဝက်၊ ဘဲ စသည့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၂ ဦးနှင့် MSME ကဏ္ဍတွင် ဆန်စက်၊ ဆီစက်နှင့် ကြာချည်ထုတ် လုပ်ငန်းရှင် ၈ ဦး၊ စုစုပေါင်း လုပ်ငန်းရှင် ၄၃၇ ဦးတို့အား ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စုစုပေါင်းချေးငွေ ကျပ်သန်း ပေါင်း ၈၁၁ ဒဿမ ၆၇၅ ကျပ်သန်းကို ထုတ်ချေးပေးထားကြောင်း၊ အဆိုပါ လုပ်ငန်းရှင်များအား လုပ်ငန်းအမျိုးအစား အပေါ်မူတည်၍ ချေးငွေများကို သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးခဲ့ပြီး၊ ၎င်းချေးငွေများကို ၆ လ တစ်ကြိမ် သတ်မှတ်ထားသည့် အတိုးနှင့်အရင်းအား ပြန်လည် ပေးဆပ်ရမည်ဖြစ်ကာ ချေးငွေကာလကို တစ်နှစ်သတ်မှတ်ပေးထားကြောင်း မင်းဘူးခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
စလင်းမြို့နယ်၌ အဆိုပါချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းရှင်များ မြေပြင်တွင် အမှန်တစ်ကယ် စိုက်ပျိုး၊ မွေးမြူလုပ်ကိုင်ပြီး လည်ပတ်ဆောင်ရွက်နေမှု ရှိ/မရှိနှင့် MSME လုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေမှုများကို ခရိုင်/မြို့နယ်အဆင့် စစ်ဆေးရေး အဖွဲ့ဝင်များက ယမန်နေ့က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
နိုင်ငံတော်အစိုးရ၏ပံ့ပိုးမှုဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ကြီးကြပ်၍ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍ အလိုက် လုပ်ငန်းရှင်ပေါင်း ၆၇၅ ဦးအား စိစစ်ရွေးချယ်၍ စုစုပေါင်းချေးငွေ ကျပ်သန်းပေါင်း ၁၈၆၉ ဒဿမ ၇၀၅ ကျပ်သန်းကို သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးထားကြောင်း၊ ချေးငွေအတိုးနှင့်အရင်းအား သတ်မှတ်ကာလအတွင်း အကြေပေးသွင်းပြီးသည့် လုပ်ငန်းရှင်များကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment