MNP ၊ စက်တင်ဘာ ၁၄
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က လူမှုဖူလုံရေးအဖွဲ့စာချုပ်ဆေးခန်းများဖြစ်သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းများတွင် အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ အာမခံအလုပ်သမားများကို တွေ့ဆုံအားပေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဆေးကုသမှုခံယူနေသော အာမခံအလုပ်သမားများအနေဖြင့် မမာမကျန်းဖြစ်ပါက လူမှုဖူလုံရေးဆေးခန်းများ၊ လူမှုဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်းများတွင် ပြင်ပလူနာဝန်ဆောင်မှုရယူနိုင်ကြောင်း၊ နာတာရှည်ရောဂါများ၊ ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအတွက် ပြည်သူ့ဆေးရုံများတွင်ပြသပြီး ဆေးဖိုးကုန်ကျငွေများကို ပြန်လည်တင်ပြတောင်းခံနိုင်ကြောင်း ပြောကြားသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေတွင် အကျုံးဝင်အာမခံအလုပ်သမား ၂၆၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေး ဆေးခန်းသုံးခန်း၊ ဌာနကြီးဆေးခန်းလေးခန်း၊ စာချုပ်ဆေးခန်းသုံးခန်း၊ သားဖွားမီးယပ်ပြင်ပလူနာဝန်ဆောင်မှု (Specialist OG OPD care) နှစ်ခန်းတို့ ဖွင့်လှစ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ အာမခံအလုပ် သမားလူနာပေါင်း ၃၁၆၃၀၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း ၂၀၊ Capitation Payment ဆေးခန်း ၂၆ ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာဝန်ဆောင်မှု (Specialist OG OPD care) ၁၅ ခန်းနှင့် မီးဖွားမှုဝန်ဆောင်မှုဆေးခန်း ၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ လူနာဦးရေ ၂၉၃၉ ဦးအတွက် ဆေးဖိုးကုန်ကျ ငွေကျပ် ၅၄၆ ဒသမ ၂၀၆ သန်း ပေးအမ်းခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ CMP စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော ချင်းတွင်းတံခွန်အထည်ချုပ်စက်ရုံကို ရောက်ရှိ၍ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များနှင့်တွေ့ဆုံရာ စက်ရုံတာဝန်ရှိသူက စက်ရုံတည်ထောင်ထားရှိမှုနှင့် လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ WCC ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ ဖွဲ့စည်းထားမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ရစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး၊ မျှတသည့် အလုပ်သမား ရေးရာဆက်ဆံမှုထူထောင်ရန်လိုအပ်ကြောင်း၊ WCC နှင့် အလုပ်သမား အဖွဲ့အစည်းများ သည် အလုပ်ရှင်များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါထိခိုက်ခံစားမှု လျော့နည်းကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း မှာကြားပြီး စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာလုပ်ကိုင်မှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment