MNP ၊ စက်တင်ဘာ ၂၀
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်လယ်ဝေးမြို့ အထက-၁ ကျောင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်တင့်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်က အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူမှုထက် များစွာကျယ်ပြန့်ကြောင်း၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို သက်ရောက်စေနိုင်ကြောင်း၊ ကဏ္ဍအလိုက် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များပျက်ယွင်းပြီး မလုပ်သင့်မလုပ်ထိုက်သည်ကိုလုပ်ခြင်းကြောင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာကြောင်း၊ လုပ်ငန်းခွင်တွင်လည်း ခွဲခြားဆက်ဆံမှုများကြောင့် အဂတိလိုက်စားမှုကို ဖြစ်စေကြောင်း၊ အများပြည်သူအကျိုး ဆောင်ရွက်ရန် အပ်နှင်းထားသည့် အခွင့်အာဏာကို အလွဲသုံးခြင်းသည် အဂတိတရားဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရတည်ဆောက်ရာတွင် အဟန့်အတားဖြစ်စေကြောင်း၊ လူငယ်များ အနာဂတ်တွင်ကောင်းမွန်သည့် လုပ်ငန်းခွင်၊ လူမှုဘဝများရရှိစေရန် အဂတိတရားကို တိုက်ဖျက်ရန် အဓိက ကျပါကြောင်း၊ အဂတိတရားကို တိုက်ဖျက်ရာတွင် ကိုယ်ကျင့်တရားကောင်းမွန်မှု အလေ့အကျင့်သည် အဓိကကျသဖြင့် လူငယ်များကို ငယ်စဉ်ကပင် ကိုယ်ကျင့်တရားကောင်းမွန်စေရန် စာသင် ကျောင်းများမှအစပြု၍ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံက အားကိုးအားထားပြုရသည့်၊ ဖြောင့်မတ်တည်ကြည်သည့် အနာဂတ်ခေါင်းဆောင် ဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြီး လယ်ဝေးမြို့ အထက-၁ ကျောင်းမှ ကျောင်းသား ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်း နှင့်အလယ်တန်း)အဆင့်များမှ စတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်မြို့ အလက (ခွဲ)၊ ဖားအောက် အခြေခံပညာ အလယ်တန်းကျောင်း၌ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၈၂ ဦးကို ကော်မရှင်ရုံးခွဲမှ အမှုထမ်းတစ်ဦးက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ် များမှ သင်ခန်းစာနှင့်ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment