MNP ၊ စက်တင်ဘာ ၂၀
မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုချဲ့ထွင်ခြင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် MSME Association မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေရှိ MSME လုပ်ငန်းရှင်များက in person တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အရာထမ်းများနှင့် MSME လုပ်ငန်းရှင်များက Online ဖြင့် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေ၍ သက်ဆိုင်ရာဌာနများအနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး၊ နည်းပညာ၊ ဈေးကွက်ရရှိရေး တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမကဏ္ဍနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်ဆိုသည့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှု လက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးခြင်းနှင့် စက်မှုလက်မှုဆိုင်ရာ ထုတ်ကုန် ပစ္စည်းပြပွဲ၊ နည်းပညာဆွေးနွေးပွဲတို့ကို အခါအားလျော်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာများတိုးတက်လာစေရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်ချိတ်ဆက်ဆောင်ရွက်မှု၏ အရေးပါမှုကို သိရှိနားလည်စေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် သင့်လျော်သည့် Platform များမှတစ်ဆင့် မဲခေါင် - လန်ချန်းဒေသတွင်း နိုင်ငံများအပါအဝင် နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး ဈေးကွက်ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒစ်ဂျစ်တယ်ဆိုင်ရာ နည်းပညာရှင်များဖြစ်ကြသည့် ဦးမျိုးမင်းဦး (ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်)က Introduc-tion of MSMEs Digitalization Tech and Trend နှင့် Emerging up for MEMEs Resilience ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးထိန်လင်းအောင် (နည်းပညာအကြံ ပေး) က Emerging Digital Tools, Digital Security, Digital Financing နှင့် Building MSMEs digital network ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းတွင် ဦးဆောင်ဆွေးနွေးပေးကြသည့် ပညာရှင်များကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment