မော်စကို၊ စက်တင်ဘာ ၁၉
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် မော်စကိုမြို့တွင် စက်တင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ရုရှား ဆက်ဆံရေးသည် ကောင်းမွန် တည်ငြိမ်စွာ တိုးတက်သည့် အရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကြောင်း၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာသလို လူမှုယဉ်ကျေးမှု ဖလှယ်ရေးများ စုံလင်ကြွယ်ဝလာခဲ့ပြီး ဝန်ထမ်းအချင်းချင်းကူးလူးဆက်ဆံမှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
အစဉ်ထာဝရ အိမ်နီးချင်းကောင်း ဆက်ဆံမှု၊ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုရှိသည့် တရုတ်-ရုရှား ဆက်ဆံရေးသည် နှစ်နိုင်ငံ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် အထောက်အကူပြုသလို နှစ်နိုင်ငံပြည်သူများအတွက် အရေးကြီးသည့်အကျိုးစီးပွားကို ဆောင်ကြဉ်းပေးပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံသည် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ကျင့်သုံးကြရာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် တတိယတစ်ဖက်ကို ဦးတည်ခြင်း၊ တတိယတစ်ဖက်၏ ပါဝင်နှောင့်ယှက်ခြင်း မရှိသလို အခြားတတိယတစ်ဖက်၏ခြယ်လှယ်ထိန်းချုပ်မှုကို ခံရနိုင်ဖွယ် ပို၍ မရှိကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံကြီးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များအနေဖြင့် တရုတ်-ရုရှား နှစ်နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အရေးကြီး တာဝန်ရှိကြောင်း ၊ တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဦးမော့နေခြင်းများကို ရင်ဆိုင်ရာတွင် တရုတ်-ရုရှားအနေဖြင့် ခေတ်ကာလတိုးတက်မှု ဒီရေစီးကြောင်းနှင့်အညီ နိုင်ငံကြီး၏ တာဝန်ယူမှုကို ပြသသင့်သလို နိုင်ငံတကာ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်သင့်ပါကြောင်း၊ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားဖြည့်၍ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ လိုက်နာရမည် ဖြစ်ကြောင်း၊ ကမ္ဘာကြီး ဗဟုအသွင်ပြောင်းမှု ဖြစ်စဉ်ကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ပို၍ တရားမျှတမှုသို့ တိုးတက်လာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Sergey Lavrov က ယခုနှစ် မတ်လတွင် သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသို့ အောင်မြင်စွာ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတ ပူတင်နှင့်အတူ အရေးကြီးတွေ့ဆုံဆွေးနွေးမှုများပြုခဲ့ရာ ရုရှား-တရုတ် ဆက်ဆံရေး၏ အနာဂတ်အတွက် ရှင်းလင်းသည့် ဦးတည်ချက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အဆိုပါ လမ်းညွှန်ချက်ဖြင့် နောက်တစ်ဆင့် နှစ်နိုင်ငံ အဆင့်မြင့် ဆက်ဆံရေးကို ကောင်းမွန်စွာ ပြင်ဆင်သွားလိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ချိတ်ဆက်မှုများကို မြှင့်တင်သွားလိုပြီး ကုန်သွယ်စီးပွား၊ လူမှုယဉ်ကျေးမှု၊ အားကစား ၊ လူငယ်ရေးရာ စသည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း ၊ နိုင်ငံတကာအခင်းအကျင်း ဆိုးရွားစွာ ရှုပ်ထွေးပြောင်းလဲလာသည့်အပေါ် ရုရှား-တရုတ် နှစ်နိုင်ငံသည် ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စသည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် ညှိနှိုင်းဆွေးနွေးမှုများကို တစ်ဆင့်တိုး အားဖြည့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း Sergey Lavrov က ပြောကြားခဲ့သည်။
Sergey Lavrov က ယူကရိန်း အကျပ်အတည်းအပေါ် အမြင်သဘောထား ပြောကြားခဲ့ရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်စာတမ်းနှင့် ဘက်ပေါင်းစုံ၏ လုံခြုံရေးကို ဂရုပြုမှုအပေါ် တန်ဖိုးထားကြောင်း ၊ ၎င်းမှာ ပဋိပက္ခ အရင်းအမြစ်ကို ဖြေရှင်းရာတွင် အကျိုးရှိပါကြောင်း၊ ရုရှားအနေဖြင့် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် တံခါးဖွင့်ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ဟူသော မှန်ကန်သည့် ဦးတည်ချက်ကို အစဉ်အမြဲခိုင်မာစွာ လက်ကိုင်ထားရာ နိုင်ငံရေးနည်းလမ်းဖြင့် အကျပ်အတည်းဖြေရှင်းရာတွင် မိမိ၏နည်းလမ်းဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost
No comments:
Post a Comment