MNP ၊ စက်တင်ဘာ ၁၉
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ် ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်း ရှိ/ မရှိတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးစိုးဦးက ပြောကြားရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ (စ)အရ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို လည်းကောင်းစည်းရုံးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၃(က)အရ မိမိတို့ ပါတီစည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင် ဦးရေပြည့်မီသော အင်အားစာရင်းကို မြို့နယ်အလိုက်စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(ဇ) နှစ်စုံဖြင့် ပြုစုတင်ပြရမည်ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသည့် ပါတီလေးခုမှ သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က CVLMS Software ဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ပေးပို့၍ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ မြေပြင်အခြေအနေနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ပါတီ ဝင်စာရင်းတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တူသူများ၊ နိုင်ငံသား စိစစ်ရေးကတ် အမှတ်သာတူသူများ အစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသည့် ပါတီဝင်အင်အားများ ပါဝင်နေသည့်အပြင် ဝန်ထမ်းများ ပါဝင်နေခြင်း၊ နေရပ်လိပ်စာပြည့်စုံမှုမရှိသည့် ပါတီဝင်များပါဝင် နေခြင်းတို့ကိုတွေ့ရကြောင်း၊ သို့ဖြစ်၍ နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိတို့ကို သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများက လိုအပ်သည်များ ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့မှ တိုင်းဒေသကြီးအဆင့် ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment