မြန်မာပြည်မြောက်ဖျားရှိ သဘာဝအဖိုးတန် ဆေးဖက်ဝင်အပင်များမှ ထုတ်လုပ်သည့် တိုင်းရင်းဆေးဝါး ထုတ်ကုန်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာပြည်မြောက်ဖျားရှိ သဘာဝအဖိုးတန် ဆေးဖက်ဝင်အပင်များမှ ထုတ်လုပ်သည့် တိုင်းရင်းဆေးဝါး ထုတ်ကုန်များ




သတင်း- ဖြိုးလေး၊ ငုရွှေဝါ၊ ဓာတ်ပုံ - ဇော်ဘောက်

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်သည် သဘာဝသယံဇာတများ ပေါများသည့်အလျောက် အာရှ၏ အကောင်းဆုံး ကျောက်စိမ်းရတနာထွက်ရှိသည်သာမက ကချင်ပြည်နယ်မှ ထွက်ရှိသော ပယင်းကျောက်သည်လည်း လူကြိုက်များလှသည်။ ထို့အပြင် စိုက်ပျိုးမြေမှာလည်း များစွာဖြစ်ထွန်းသည့် မြေဆီလွှာကောင်းများရှိသည့် ဒေသဖြစ်သည်။ ရေမြေတောတောင် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး သာယာလှပသောရှုခင်းများ၊ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းများ၊ ရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များစသည်တို့က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး များစွာအထောက်အကူပြုလျက်ရှိသည်။

ဒေသထွက်ကျောက်စိမ်း၊ ပယင်းအချောထည်များ၊ ရိုးရာဂျပ်ခုတ်အဆင်၊ ရိုးရာပုဆိုးတို့သည် ပြည်နယ်အတွင်း ဆွဲဆောင်မှုတစ်ခုအဖြစ် တည်ရှိနေပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)အဖြစ် တိုးတက်လျက်ရှိသည်။ ထို့အတူ သဘာဝအလျောက် ဆေးဖက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ်၊ ဂျင်စင်း၊ မရှော့၊ ရှီးပတီး (ခေါ် )ပိုးဆေးနွယ်ရှင် စသည့်အပင်များ ပေါက်ရောက်ရာ ဒေသလည်းဖြစ်သည်။


လုပ်ငန်းပေါင်း ၃၅ ခု

ဒေသမှ ထွက်ရှိသော အဖိုးတန်ဆေးဖက်ဝင် အပင်၊ အရွက်၊ အသီး၊ အခေါက်၊ အမြစ်များဖြင့် ဖော်စပ်ထုတ်လုပ်ထားသော အစွမ်းထက်မြက်သည့် တိုင်းရင်း ဆေးဝါး ထုတ်လုပ်ခြင်းလုပ်ငန်းများရှိရာ ကချင်ပြည်နယ်အတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းပေါင်း ၃၅ ခုရှိကြောင်းလည်း သိရသည်။ အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်ကင်းကာ အကျိုးသက်ရောက်မှုရှိသော တိုင်းရင်းဆေးဝါးများကိုအများ ပြည်သူတို့သုံးစွဲရန်အတွက် သက်ဆိုင်ရာက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ကချင်ပြည်နယ်မှထွက်ရှိသော အစာကြေဆေး၊ ရှူလိမ်းဆေး၊ အကြောပြေဒဏ်ကြေလိမ်းဆေး၊ မီးယပ်ဆေး၊ သွေးအားတိုးဆေး၊ အဆုတ်ရောဂါ သောက်ဆေး၊ သလိပ်ပျော်အစာကြေ ဆေးပြား၊ အခိုးပွင့်သွေးဆေး၊ အကျိတ် မန်းဆေး၊ ကလေးသူငယ်နာဆေး၊ လိပ်ခေါင်းဆေး၊ မီးယပ်သွေးသန့်ဆေး၊ အဖုအကျိတ်နာ သောက်ဆေး၊ အရိုးနှင့် အနာစည်းဆေး၊ ဆေးမြစ်စုံ ဒဏ်ကြေလိမ်းဆေး၊ ကချင်ဆေးမြစ်စုံဆေး၊ စိမ်သောက်ဆေး အစရှိသည့်ဆေးများကို ဆေးဖက်ဝင်အပင်များနှင့် ဖော်စပ်ထုတ်လုပ်ရောင်းချ လျက်ရှိသည်။

ထိုသို့ ထုတ်လုပ်နေသည့် လုပ်ငန်းများအနက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး တစ်ဝိုက်မှ ထွက်ရှိသော ဆေးဖက်ဝင်အပင်များဖြင့် ဖော်စပ်ထုတ်လုပ်နေသည့် ဘဝသစ်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကို တင်ပြမျှဝေလိုပါသည်။


တိုင်းရင်းဆေးကုန်ကြမ်းများ

အဆိုပါဆေးတိုက်သည် အဆုတ်ဆေးကို အဓိကထားထုတ်လုပ်ပြီး လေနိုင်ဆေး၊ ဒူလာဆေး၊ ချောင်းဆိုး ရောဂါသောက်ဆေး၊ ရိန်းဂျားဒဏ်ကြေလိမ်းများ ထုတ်လုပ်လျက်ရှိသည်။ ဆေးဝါးများ ထုတ်လုပ်ရာတွင် အဆုတ် ရောဂါဖြစ်ပွားသူများအတွက် အဓိကထား ထုတ်လုပ်ပြီး ဆေးမြစ်၊ ဆေးနွယ်၊ ဆေးရွက်များဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်ကာ ပါဝင်သော ဆေးကုန်ကြမ်းအမယ်များသည် မြစ်ကြီးနားအနီး တစ်ဝိုက်မှရရှိသော ကုန်ကြမ်းများဖြင့် ဖော်စပ်ထားကြောင်းလည်း သိရသည်။ သဘာဝသစ်နွယ်သစ်မြစ်၊ သစ်ရွက်၊ သစ်ခေါက်များဖြစ်သော ကျားခြေရာ၊ နနွင်းခါးအစရှိသည်များနှင့် ထုတ်လုပ်ထားရှိသောကြောင့် ဆေးဖက်ဝင်အာနိသင်အနေဖြင့် ရောဂါအခြေအနေပေါ် မူတည်၍ သက်သာပျောက်ကင်းကြောင်း သိရသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလ အတွင်း ထုတ်လုပ်မှုများပြားမှုရှိခဲ့ကြောင်း၊ ရန်ကုန်နှင့်မန္တလေးမြို့ကြီးများပါ မှာယူမှုရှိသဖြင့် ပိုမိုရောင်းချ နိုင်ခဲ့ကာ ဆေးစွမ်းထက်မြက်မှုကို ပိုမိုသိရှိလာကြကြောင်း ဆေးတိုက်ပိုင်ရှင်ဖြစ်သူ ဦးမရစ်နော်ဂျာက ပြောသည်။


လက်ဆင့်ကမ်းအမွေ

ယင်းဆေးဝါးများကို ၁၉၅၈ ခုနှစ် ကတည်းက ဖခင်ဖြစ်သူ စတင်လုပ်ကိုင်ခဲ့ရာ မိမိအနေဖြင့် လက်ဆင့်ကမ်းအမွေ အဖြစ်ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိရိုးဖလာဆေး ဖော်စပ်နည်းအတိုင်း လက်ရှိတွင် ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်းပိုင်ရှင်က ဆက်လက် ပြောပြသည်။ နေ့စဉ် ဆေးထုပ်အသေး အရေအတွက် တစ်ထောင်ခန့် ထုတ်လုပ်နိုင်ကြောင်းနှင့် တစ်နိုင်တစ်ပိုင်မှသည် ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းပါ တိုးပွားရေးကိုလည်း ဆောင်ရွက်ပေးနိုင်ကြောင်း တွေ့ရသည်။


အလုပ်အကိုင်အခွင့်အလမ်း

ထိုသို့ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားခြင်းနှင့်အတူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက်ရာ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME)ဖွံ့ဖြိုးတိုးတက်ရေးထုတ်ကုန်ပြပွဲများတွင် ပါဝင်ပြသခြင်းတို့ ဆောင်ရွက် လျက်ရှိသည်။

ကချင်ပြည်နယ်ရှိ သဘာဝတောတောင်များမှ ထွက်ရှိသော ဆေးဖက်ဝင်အပင်များဖြင့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ချိလျက်ရှိရာ တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ခြင်း၊ ပြည်တွင်းမှရရှိနိုင်သော သယံဇာတဆေးဝါးများကို တွင်ကျယ်စွာ ရရှိနိုင်ရေးနှင့် အသုံးချနိုင်ခြင်းတို့အပြင် ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနေမည် သာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။        ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)