MNP ၊ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီများ ဝယ်ယူစားသုံးမှု အဆင်ပြေစေရန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေး အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူလူထု စားသောက်ရေးအတွက် မရှိမဖြစ် လိုအပ်သော စားသုံးဆီများကို အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေး၊ စားသုံးဆီဈေးကွက် တည်ငြိမ်မှုရှိစေရန် ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းသွားရောက်ကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ထားရှိသည့် ဈေးနှုန်းများအတိုင်း အမှန်တကယ် ရောင်းချပေးခြင်း ရှိ/မရှိ ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ထို့နောက် စားသုံးဆီအရောင်းဆိုင်များမှ လုပ်ငန်းရှင်များကို တွေ့ဆုံကာ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် မိမိတို့ လုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်သူများအား စားသုံးဆီများကို ဖြစ်သင့်ဖြစ်ထိုက်သော သတ်မှတ်ဈေးနှုန်းများအတိုင်း စနစ်တကျ ရောင်းချပေးသွားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရေး အလေးထား လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ဆွေးနွေးမှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့အနေဖြင့် ဒေသတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့ပေါ်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား အခြေခံစားကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများအဖွဲ့က ယာယီအရောင်းဆိုင်ဖွင့်လှစ်၍ ဆန်၊ ဆီ ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက် အစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် စနစ်တကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment