MNP ၊ စက်တင်ဘာ ၂၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူး၍ ဆရာတော်ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ် မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်မှာ အနာဂတ် မျိုးဆက်သစ်လူငယ်များအနေဖြင့် မြန်မာစာကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်လာစေရန်၊ မြန်မာစာပေသမိုင်းကြောင်းတွင် အင်းဝခေတ် စာပေပညာရှင်များကို ဖော်ထုတ်ဂုဏ်ပြုရာ၌ ဂုဏ်ကျေးဇူးကြီးမားလှသော ဆရာတော်ရှင်မဟာ ရဋ္ဌသာရ၏ ဂုဏ်ကျေးဇူးကို သိရှိနိုင်စေရန်အတွက် ဖြစ်ပါကြောင်း၊ ဆရာတော်ရှင်မဟာရဋ္ဌသာရ ပြုစု ရေးသားခဲ့သည့် ရတု၊ ပျို့၊ မော်ကွန်း၊ လင်္ကာ၊ မေတ္တာစာနှင့် တောလားများမှာ နှစ်ပေါင်း ၅၅၅ နှစ်ကျော် ကြာမြင့်ခဲ့သော်လည်း ယနေ့ခေတ်တိုင်အောင် များစွာအကျိုးပြုနေသည့် စာပေဖြစ်ရုံသာမက နှောင်းပညာရှင်များ အတုယူလေ့လာနေရဆဲဖြစ်သည်အထိ ဆန်းသစ်နေဆဲ၊ နုပျိုနေဆဲပင် ဖြစ်ပါကြောင်း။
ရှင်မဟာရဋ္ဌသာရ မွေးနေ့အထိမ်းအမှတ်အခမ်း အနားကို ယခုလာမည့် စက်တင်ဘာ ၂၃ ရက်၌ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC(II)တွင် ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ပါ ကြောင်း၊ ကျင်းပရာတွင် ဖျော်ဖြေရေးအစီအစဉ်၊ စာတမ်းဖတ်ပွဲအစီအစဉ်နှင့် အထိမ်းအမှတ်ပြခန်း ခင်းကျင်းပြသမှုအစီအစဉ်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကြီး အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် တက်ရောက်လာကြသည့်သူများအားလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အခမ်းအနားကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေး တက်ရောက်လာသော ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment