ဒေသခံပြည်သူများရဲ့ ဆက်သွယ်ပြောကြားချက်အရ ရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြင်ဦးလွင်မြို့နယ် ကို လာရောက်ခဲ့ပြီး စိုက်ပျိုးမြေများပေါ်တွင် ဥပဒေမဲ့ လုပ်ဆောင်နေသည်များနဲ့ ပတ်သက်လို့ ညွှန်ကြားသွားတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် လာရောက်ပြီး နောက်ပိုင်းမှာ ပြင်ဦးလွင်မြို့အဝင် က စိုက်ပျိုးမြေများပေါ်မှာ ခြံကွက်ရိုက်၊ အိမ်ဆောက်နေတာတွေကိုတော့ စတင်ရှင်းလင်းနေပြီလို့ ထူးခြားတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဒေသခံတွေက ဆက်သွယ်ပြောဆိုပါတယ်။
ပြင်ဦးလွင်မြို့နှင့် အနီးဝန်းကျင်က မြေယာပြဿနာတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စတင်ကိုင်တွယ်ခဲ့ပေမယ့်လည်း ဒေသအာဏာပိုင်တွေဟာ ဥပဒေမဲ့ လုပ်ဆောင်နေသူများရဲ့ အင်အားကို မလွန်ဆန်နိုင်ပါဘူး။ နစ်နာဆုံးရှုံးထားသူများက နိုင်ငံတော်အကြီးအကဲများထံ တင်ပြ၊ နိုင်ငံတော်အကြီးအကဲများက ပြန်လည်ညွှန်ကြား၊ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်ဆိုတဲ့ အချိန်မှာ ဥပဒေမဲ့ လုပ်နေတဲ့ သူတွေက နိုင်ငံတော်အဆင့်ရှိ ပုဂ္ဂိုလ်များထံ ချည်းကပ်ပြီး ရှင်းလင်းဆောင်ရွက်နိုင်ခြင်း မရှိအောင် ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တချို့က နစ်နာသူ တောင်သူများရဲ့ အခြေအနေကို ကူညီဆောင်ရွက်ပေးခဲ့ကြဖူးသလို NLD အစိုးရလက်ထက်မှာလည်း တောင်သူတချို့က မန္တလေးတိုင်းဒေသကြီးဝန်ကြီးထံအထိ သွားရောက်တွေ့ဆုံ တင်ပြခဲ့ကြဖူးပါတယ်။ ထူးခြားတဲ့ ဆောင်ရွက်ပေးမှုမျိုးတော့ မရှိပါဘူး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အပြောင်းအလဲ ဖြစ်ပေါ်လာပြီးနောက်ပိုင်း ပြင်ဦးလွင်မြို့၊ ရုံးပေါင်းစုံ ရှေ့မှာ အသိပေးကြေညာချက်အနေနဲ့ "ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ မည်သူမဆို လယ်ယာစိုက်ပျိုးမှုမှ အပ အခြားနည်းကျူးလွန်အသုံးပြုခွင့် မရှိပါ။ ကျူးလွန်အသုံးပြုသူ မည်သူမဆို (၂၀၁၂)ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ (၁၉)၊ (၃၅)၊ (၃၆) တို့နှင့်အညီ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
လယ်ယာမြေဥပဒေ ပုဒ်မ(၁၉)မှာ "ဤဥပဒေ ပုဒ်မ ၁၂ ပါ စည်းကမ်းချက်အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ခုခုကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် ဝန်ကြီးဌာနက ဤကိစ္စအလို့ငှာ ခန့်အပ်သည့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်း စစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေချမှတ်နိုင်သည်-
(က) သတ်မှတ်သည့်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်သည့်နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
(ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသောအဆောက်အအုံများကို ဖယ်ရှားခြင်း။
ဖြစ်ပါတယ်။
လယ်ယာမြေဥပဒေ ပုဒ်မ(၃၅)ကတော့ "မည့်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူမဆို ပုဒ်မ ၁၉ အရ ချမှတ်သောအမိန့်ကိုဖြစ်စေ၊ ဤဥပဒေအရလယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုတွင် ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။" လို့ ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။
လယ်ယာမြေဥပဒေ ပုဒ်မ(၃၆)မှာတော့ "ပုဒ်မ ၁၉အရ ချမှတ်သောအမိန့်ကို လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူသည် ယခင်က အလားတူပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရလျှင် ထပ်မံကျူးလွန် သောပြစ်မှုအတွက် ပုဒ်မ ၃၅ ပါအများဆုံးထောင်ဒဏ်ချမှတ်ခြင်းခံရမည်။" လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
ဖော်ပြပါ ကြော်ငြာဆိုင်းဘုတ်ထောင်ထားတာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စိုက်ပျိုးမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းသုံးစွဲတာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လမ်းညွှန်မှုတွေ စတင်လုပ်ဆောင်လာတဲ့ အချိန်ကတည်းက ဖြစ်ပါတယ်။
သို့ပေသော်လည်း စိုက်ပျိုးမြေများပေါ်မှာ လမ်းဖောက်၊ ခြံကွက်ရိုက်၊ ရောင်းချ၊ အိမ်ဆောက် လုပ်ဆောင်တာတွေကိုတော့ လုပ်ဆောင်မြဲ လုပ်ဆောင်လျက်ရှိပါတယ်။ ဒီလို ဘာကြောင့်လုပ်ရဲတာလည်း ဆိုရင်ဖြင့် ဥပဒေမဲ့ လုပ်ဆောင်နေသူတွေဟာ ခေသူများမဟုတ်ကြပါဘူး။ ပိုင်ရာ ဆိုင်ရာ ရှိကြသူတွေဖြစ်တဲ့ အတွက် ဦးသိန်းစိန်အစိုးရလက်ထက်၊ NLD အစိုးရလက်ထက် ဥပဒေမဲ့ လုပ်ရပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်ပြီး စီးပွားရှာလာခဲ့ကြတာ နစကအစိုးရသက်တမ်း ၂နှစ်ခွဲပြည့်ခါနီးလာသည်အထိ လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။
နစ်နာသူတွေရဲ့ တင်ပြချက်များကိုတော့ နိုင်ငံတော်အဆင့်ကလည်း အရေးတယူမလုပ်သလို၊ တိုင်းဒေသကြီး အဆင့်ကလည်း အရေးတယူမလုပ်ပါဘူး။ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဆိုတာကတော့ ဥပဒေမဲ့ လုပ်ဆောင်နေသူတွေရဲ့ လက်ခုပ်ထဲက ရေပါပဲ။
ပြင်ဦးလွင်မြို့နယ်၊ ရုံးပေါင်းစုံရှေ့က ကြော်ငြာဆိုင်းဘုတ်ကြီးမှာတော့ဖြင့် "ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ မည်သူမဆို လယ်ယာစိုက်ပျိုးမှုမှ အပ အခြားနည်းကျူးလွန်အသုံးပြုခွင့် မရှိပါ။"တဲ့။ အပြောနဲ့ အလုပ် တကယ်ညီညွတ်ခြင်း ရှိ/မရှိ ဆိုတာကတော့ လယ်ယာမြေစိုက်ပျိုးခြင်းမရှိဘဲ ယနေ့တိုင်အောင် လမ်းဖောက်၊ ခြံကွက်ရိုက်ရောင်း၊ အိမ်တွေ ဆောက်နေတာက သက်သေပါပဲ။
အခုလို ရေးသားဖော်ပြခြင်းဟာ ပြင်ဦးလွင်မြို့နယ်မှာ စိုက်ပျိုးမြေဆုံးရှုံးခဲ့ရတဲ့ တောင်သူတွေဟာ တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်စုတစ်ဖွဲ့တည်းသာ မဟုတ်ပါဘူး။ အစိုးရအဆက်ဆက် တင်ပြတိုင်ကြားမှုတွေ လုပ်ခဲ့သည့်တိုင်အောင် ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးမှုမျိုး မရခဲ့ကြတဲ့ တောင်သူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ နစကအစိုးရ အပြောင်းအလဲ ဖြစ်လာတဲ့အချိန်မှာလည်း မလျှော့သော ဇွဲလုံ့လနဲ့ တင်ပြကြပါတယ်။ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အစိုးရတစ်ရပ်ဟာ ပြည်သူကို မျက်နှာမူရမှာပဲ ဖြစ်ပါတယ်။ ဥပဒေမဲ့ လုပ်နေသူတွေဟာ ရာထူးအာဏာရှိနေသူတွေ ဖြစ်နေခြင်းကြောင့် ပတ်သက်ရာ ပတ်သက်ကြောင်း ငဲ့ညှာနေတာဆိုရင်ဖြင့် ပြင်ဦးမြို့၊ ရုံးပေါင်းစုံရှေ့က ဆိုင်းဘုတ်ကြီးမှာ ရာထူးအာဏာရှိသူများနှင့် ခရိုနီများမှ အပ မည်သူမှ ဥပဒေမဲ့ လုပ်ခွင့် မရှိလို့ ကြော်ငြာဆိုင်းဘုတ် ကပ်သင့်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment