MNP ၊ စက်တင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အမှာစကားပြောကြားစဉ် ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်းမှာ နိုင်ငံတကာမှပိတ်ဆို့မှုများနှင့် ဝိသမလောဘသားအချို့၏ ၎င်းတို့ကိုယ်ကျိုးစီးပွားကိုသာကြည့်၍ လုပ်ဆောင်မှုများကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း ထည့်သွင်းပြောကြား သွားခဲ့သည်။
တပ်မတော်အနေဖြင့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဥပဒေနှင့်အညီ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊ စတင်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက် ခဲ့ကြောင်း၊ ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်သည့် ဦးတည်ချက်များ၊ ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်သည့် ဦးတည်ချက်များ၊ နိုင်ငံ့စီပွားမြှင့်တင်ရေး ဦးတည်ချက်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဦးတည်ချက်များ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဦးတည်ချက်များ စသည်ဖြင့် ဦးတည်ချက်များကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း။
မိမိတို့အနေဖြင့် ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်ခဲ့သဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နိုင်ငံအနေဖြင့် ထိုက်သင့်သလောက် တိုးတက်မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများရှိခြင်းကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ ဘဏ်များပြိုလဲစေရေးအတွက် အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ဘဏ်များပြိုလဲသွားပါက နိုင်ငံစီးပွားကိုထိခိုက်ပျက်စီးစေမည်ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။
မိမိတို့တာဝန်မယူမီကာလအတွင်း နိုင်ငံ၏စီးပွားရေးမှာ အနုတ် ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ မိမိတို့တာဝန်ယူချိန်မှစတင်၍ ပိတ်ဆို့မှုများကြားမှ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ထပ်မံ၍လည်းတိုးတက်မှုရှိမည်ဟု ခန့်မှန်းကြောင်း၊ နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်လာခြင်းကြောင့် နိုင်ငံ့စီးပွားရေးမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်းမှာ နိုင်ငံတကာမှပိတ်ဆို့မှုများနှင့် ဝိသမလောဘသားအချို့၏ ၎င်းတို့ကိုယ်ကျိုးစီးပွားကိုသာကြည့်၍ လုပ်ဆောင်မှုများကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်နေသူများကို ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့သဖြင့် ယခုအခါ ကုန်ဈေးနှုန်းမှာ ကျဆင်းလာပြီဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေချိန်၌ အဖျက်လုပ်ငန်းများ ဆောင်ရွက်နေသူများလည်းရှိကြောင်း၊ တစ်ဖက်မှကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ယိမ်းယိုင်မှုမရှိစေရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များ အောင်မြင်စေရေး တပ်မတော်သားများအနေဖြင့်လည်း အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်ရာတွင် မဲစာရင်းများမှန်ကန်မှုရှိအောင်နှင့် ဆန္ဒမဲပေးခွင့် ရှိသူ အားလုံးမဲပေးခွင့်ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရရှိလာသည့် အချက်အလက်များအပေါ်မူတည်၍ မဲစာရင်းများထွက်ပေါ်လာမည်ဖြစ်ပြီး သန်းခေါင်စာရင်းများ ကောက်ယူပြီးစီးပါက ရွေးကောက်ပွဲကိုကျင်းပနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပြီး စနစ်တကျရှိသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ပြည်သူအားလုံး ပါဝင်သည့်၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံးကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းများ အောင်မြင်စွာကောက်ယူနိုင်ရေး တပ်မတော်အနေဖြင့် ကူညီဆောင် ရွက်ပေးသွားရမည်ဖြစ်ပြီး နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေးအတွက် ဆောင်ရွက်နေရန်လိုကြောင်း။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်မြေခံတပ်များအနေဖြင့် နယ်မြေခံပြည်သူလူထုနှင့် တစ်သားတည်း ရှိပြီးဖြစ်၍ မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ကားလမ်းများ၊ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်လေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့ကြောင်း၊ မှီခိုသူ ရဲမေများအားလုံး စာတတ်မြောက်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံတိုင်းရင်းသား ပြည်သူများ “အ” သုံးလုံးသင်တန်းများကို ဖွင့်လှစ်သင်ကြား၍ စာဖတ်တတ်သူများဖြစ်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လားရှိုးမြို့တွင် စိုက်ပျိုးမွေးမြူရေးကောလိပ်ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူလူထု၏ ပညာရည်မြင့်မားရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်မတော်သား သားသမီးများ၏ ပညာရည်မြင့်မားရေးကိုလည်း အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့သင်ကြားထားသည့် ပညာများကိုအသုံးချ၍ တစ်ဦးချင်း၏ ဘဝတိုးတက်စေရေးဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#MyanmarNationalPost
No comments:
Post a Comment