သတင်းအတု၊ သတင်းအမှားများကြောင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတိုင်းတွင် အခက်အခဲများ ကြုံတွေ့နေရကြာင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

သတင်းအတု၊ သတင်းအမှားများကြောင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတိုင်းတွင် အခက်အခဲများ ကြုံတွေ့နေရကြာင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား



MNP ၊ စက်တင်ဘာ ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်၊ ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာ့မီဒီယာဖွံ့ဖြိုးရေးဦးစီးဌာနရုံးနှင့် ဗဟန်းမြို့နယ်ရှိ The Global New Light of Myanmar သတင်းစာတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

 

နံနက်ပိုင်းတွင် စာပေဗိမာန်သို့  ရောက်ရှိပြီး စာပေဗိမာန်အရောင်းဆိုင်တွင် စာအုပ်များ လာရောက်ရွေးချယ်ဝယ်ယူနေမှုကို ကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ယင်းနောက် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ စာတည်းမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် စာပေဗိမာန်၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ စာပေနှင့်ပတ်သက်ပြီး အစဉ်အလာရှိသည့် အထင်ကရဌာနတစ်ခုဖြစ်ပါကြောင်း။


ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာဖြစ်ရပ်များ၊ ပြည်တွင်းရေးရာများကို အားလုံးသိရှိကြမည် ဟု ယူဆပါကြောင်း၊ သတင်းအမှန်များ သိရှိခြင်းကြောင့် အကျိုးရှိပြီး သတင်းအမှားများက ဆိုးကျိုးကို ဖြစ်ပေါ်စေပါကြောင်း၊ သတင်းအတု၊ သတင်းအမှားများကြောင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတိုင်းတွင် အခက်အခဲများ ကြုံတွေ့ရပါကြောင်း၊ လူမှုကွန်ရက်မီဒီယာများကို အကျိုးရှိအောင် အသုံးပြုနိုင်သကဲ့သို့ အကျိုးမဲ့အောင်လည်းလုပ်၍ ရပါကြောင်း၊ သုံးစွဲသူအပေါ် မူတည်သည့်အတွက် မိမိတို့အနေဖြင့် ချင့်ချိန်သုံးစွဲပြီး အကျိုးရှိအောင် အသုံးပြုနိုင်ကြစေလိုပါကြောင်း ပြောကြားကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။


ယင်းနောက် ဗိုလ်အောင်ကျော်လမ်းရှိ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးနေရာချထားမှုအနေအထားကို ကြည့်ရှုစစ်ဆေးကာ ရုံးအပေါ်ထပ်ရှိ Media N Co. Ltd ၏ ရုံးခန်းများ၊ သတင်းခန်းများကို ကြည့်ရှု၍ M Entertainment Channel မှ ရိုက်ကူးပြသနေမှုများကို ကြည့်ရှုအားပေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် The Global New Light of Myanmar သတင်းစာတိုက်၌ စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက The Global New Light of Myanmar သတင်းစာကို ၁.၈.၂၀၂၃ ရက်နေ့မှ စတင်ကာ Logo မှအစ၊ အခြားသော အသွင်သဏ္ဌာန်နှင့် အနှစ်သာရပိုင်းပြောင်းလဲဖော်ဆောင်ခဲ့ကြသည့် စာတည်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူဝန်ထမ်းအားလုံးကို အသိအမှတ်ပြုပါကြောင်း၊ စာတည်းအဖွဲ့ဝင်များက မိမိတို့သတင်းစာ စာဖတ်ပရိသတ်များ စိတ်ဝင်စားမည့် သတင်းအကြောင်းအရာများကို  ရွေးချယ်ပြီး ဖော်ပြသွားရန်လိုကြောင်း၊ သတင်းများ စုစည်းရွေးချယ်ရာတွင် နိုင်ငံရေးအမြင်ရှိရန်လိုပြီး သတင်းစာတိုက်မူဝါဒများနှင့်အညီ လွတ်လွတ်လပ်လပ်ဖော်ပြဆောင်ရွက်နိုင်သော်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေမည့် သတင်းများ၊ မိမိတို့နှင့် ချစ်ကြည်ရင်းနှီးစွဲရှိသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားသည့် သတင်းများကို မဖော်ပြမိရန်လိုကြောင်း၊ သတင်းများ၊ ဆောင်းပါးများ အားလုံးကို စိစစ်ဖတ်ရှုတည်းဖြတ်ပြီး အမှားအယွင်းမပါရှိအောင် စနစ်တကျ ရွေးချယ်ဖော်ပြသွားစေလိုကြောင်း မှာကြားကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုံနှိပ်စက်ခန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်လောကနှင့်ပတ်သက်၍ ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းရန် ကိစ္စများရှိပါက ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ပြည်သူများက ရုပ်ရှင်ဇာတ်ကားများအပေါ် ပြန်လည်သက်ဝင်ခံစားမှုများရှိလာပြီး ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုများလည်း ပုံမှန်အခြေအနေ နီးပါးဖြစ်ပေါ်လာခြင်းအတွက် ဝမ်းမြောက်မိပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကြီးကို ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးပေးကြစေလိုကြောင်း၊ ပြီးခဲ့သည့်ကာလများတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်လောကသားများ အပြန်အလှန်ယုံကြည်မှုများဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အတွက် အထိုက်အလျောက် အောင်မြင်မှုများရှိခဲ့ပြီးနောင်လာမည့် ကာလများတွင်လည်း လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း။


ရုပ်ရှင်ဇာတ်ကားများအား ပြည်တွင်းမှာသာမက နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ အထိမ်းအမှတ်ပွဲများတွင် ချိတ်ဆက်ပြသနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြစေလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင်အဆင့်အတန်းကို မည်သို့မြှင့်တင်ကြမည်၊ မည်သို့လုပ်ဆောင်ရမည်ကို ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ နာယကဦးအောင်လွင်နှင့် တက်ရောက်လာသူများက မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)