တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပြောကြား



MNP ၊ စက်တင်ဘာ ၁၀

သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်တောင်သူများအား မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမနေ့်က ကရင်ပြည်နယ် ဘားအံမြို့ ထောင်ဝိကျေးရွာ တောင်သူဦးဝင်းတင်၏ မိုးစပါး ၅ ဧက စိုက်ကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကစားရေရိက္ခာဖူလုံမှသာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးသာယာဝပြော လာမည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရန်အတွက် လယ်ယာမြေများကို လှပ်မြေမထားဘဲ လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးကြရန်လိုကြောင်း၊ သီးနှံထုတ်လုပ်မှုမြင့်မားစေရေး၊ ဝင်ငွေတိုးတက်စေရေး၊ ဈေးကွက်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရေးအတွက် သီးနှံအမယ်စုံ စိုက်ပျိုးကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် အရည်အသွေးနှင့် အထွက်နှုန်းကောင်းပြီး ဈေးကွက်အလားအလာရှိသည့် သီးနှံများကို နှစ်သီးမှသုံးသီးအထိ စိုက်ပျိုးနိုင်အောင်ကြိုးစားကြစေလိုကြောင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို အချိုးကျသုံးစွဲတတ်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံး ကြရန်လိုကြောင်း၊ အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်ကို အချိန်ကိုက်အချိုးကျသုံးစွဲမှသာ အထွက်ကောင်းအရည်အသွေးကောင်း ထုတ်ကုန်များကို ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏လိုအပ်ချက်၊ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကိုရှေးရှုပြီး အဘက်ဘက်မှ အားပေးကူညီသွားမည်ဖြစ်သည့်အပြင် တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ၊ ဘားကပ်၊ မြိုင်ကလေး၊ ကော့ထမလိန်း၊ ကော့လှိုက်၊ ရသေ့ပျံ၊ တော်ပုံကျေးရွာတို့မှ မိုးစပါးစိုက်တောင်သူများကို ယူရီးယားဓာတ်မြေဩဇာအိတ် ၁၀၀ နှင့် သဘာဝမြေဩဇာအိတ် ၁၀၀ တို့ကို ထောက်ပံ့ပေးအပ်ရာ တောင်သူကိုယ်စားလှယ်တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများ၏ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောထားတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစာပေသင်ကြားမှုဖွံ့ဖြိုးရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ကရင်တိုင်းရင်းသားရိုးရာ ဒုံးအကဖျော်ဖြေရေးအဖွဲ့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့အမှတ်(၃)ရပ်ကွက်ရှိ မဲဘောင်ကျောင်းတိုက်သို့ သွားရောက်ပြီး မဲဘောင်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရိုးရာယဉ်ကျေးမှုအကဖြင့် ကြိုဆိုနှုတ်ဆက်ကြသည့် ပအိုဝ်းယဉ်ကျေးမှုအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ဒေသခံပအိုဝ်းတိုင်းရင်းသားများနှင့် မဲဘောင်ကျောင်းတိုက်၌တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စားဝတ်နေရေး၊ ပအိုဝ်းတိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းမြစ်များဖြင့် နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်ရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)စုမှ ပအိုဝ်းတိုင်းရင်းသားများကိုယ်စား ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပအိုဝ်းတိုင်းရင်းသားများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်ပတ်သက်၍လည်းကောင်း၊ တက်ရောက်လာသော ပအိုဝ်းတိုင်းရင်းသားပြည်သူများက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက် များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)