ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်


MNP ၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ့ဆေးရုံများ၊ တိုင်းရင်းဆေးရုံများ၌ အစိုးရဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများသည် ယမန်နေ့က ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံများ၏ သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုက်လံကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် တာဝန်ရှိသူများနှင့်အတူ နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်နှင့် တာဝန်ရှိသူများက အုပ်ချုပ်မှုဆောင်၌ ဆေးရုံကြီး သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ထားရှိမှုကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဆေးရုံကြီးအတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (ခုတင်-၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)နှင့် အထူးကုဆေးရုံကြီးလေးရုံတို့သို့ သွားရောက်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

အလားတူ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းနှင့်အဖွဲ့သည် နေပြည်တော်ရှိ ကလေးရောဂါအထူးကုဆေးရုံကြီး၊ သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးများသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီးရှိ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့ ပြည်သူ့ဆေးရုံနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ယင်းတော်တိုက်နယ်ဆေးရုံ၊ ရန်အောင်တိုက်နယ်ဆေးရုံ၊ တောင်ညောင်ကုန်းတိုက်နယ် ဆေးရုံများ၊ ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပျဉ်းမနားမြို့ ပြည်သူ့ဆေးရုံကြီး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာပြည်သူ့ဆေးရုံကြီး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီးတို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)